အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဖွင့်လှစ်

 

 

ရန်ကုန် ဇွန် ၂၂

 

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၅)နှင့် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၃၆) သင်တန်းသား သင်တန်းသူများ၏ သင်ခန်းစာပို့ချသင်ကြားနေမှု၊ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၆) နှင့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၅) သင်တန်းသား သင်တန်းသူတို့၏ လက်နက်မဲ့ စစ်ရေးပြသင်ခန်းစာ လေ့ကျင့်သင်ကြားနေမှု၊ တက္ကသိုလ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ တက္ကသိုလ်ဆေးရုံနှင့် သင်တန်းသား သင်တန်းသူများ၏ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စံပယ်ဆောင်စားရိပ်သာ၌ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄) မှ သင်တန်းသူများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။

 

ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လေ့ကျင့်သင်ကြားရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ တင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်