
ကေကေစိုး
အမေရိကန်နိုင်ငံတစ်ဝန်း အိုမီခရွန်ကူးစက်မှုပျံ့နှံနေချိန်တွင် နိုင်ငံအတွင်းရှိ ဈေးဝယ် စင်တာများတွင်လည်း စားသောက်ကုန်ပစ္စည်း ထပ်မံခင်းကျင်းနိုင်ခြင်းမရှိဘဲ ဖြစ်နေရသည်။
မီးမောင်းထိုးပြလျက်ရှိ
ဈေးဝယ်စင်တာများ အတွင်းရှိ စင်များတွင် စားသောက်ကုန်များ ပြတ်လပ်နေခြင်းက ကပ်ရောဂါကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ် တောက်မှုဖြစ်ပေါ်နေသည်ကို မီးမောင်း ထိုးပြလျက်ရှိသည်။ ဈေးဝယ်စင်တာများ အတွင်းရှိ ပစ္စည်းထားရာ စင်များတွင် ပစ္စည်းများပြတ်လပ်နေပြီး အချို့သော စင်များတွင် ဗလာနတ္ထိဖြစ်နေရသည်ဟု ဝါရှင်တန်မြို့ ဈေးဝယ်စင်တာကြီးတွင် ဝယ်နေကျ ဖောက်သည်တစ်ဦးဖြစ်သူ ဂျက်စတင်တွန်းက ပြောသည်။
မကြာခဏ ဖြစ်ပွားနေကျ
အမေရိကန် ပြည်ထောင်စုတွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ် ခြင်းမှာ ကိုဗစ် -၁၉ ကပ်ရောဂါကာလ အတွင်း မကြာခဏဖြစ်ပွားနေကျဖြစ်ရပ် တစ်ခုဖြစ်သည်။ ကပ်ရောဂါ အစောပိုင်း ကာလ နေ့ရက်များကလည်း အိမ်သာသုံး စက္ကူပြတ်လပ်မှု ဖြစ်ပေါ်ပြီး နောက်ပိုင်း တွင်မူ ပစ္စည်းတော်တော်များများ ပြတ်လပ်သည်အထိ ဖြစ်ခဲ့ရသည်။ ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ပစ္စည်း တော်တော်များများ ပြတ်လပ်မှုဖြစ်ခဲ့ သည်။ သစ်သီးများမှာ ဈေးဝယ်စင်တာ ကြီးမှအစပြု၍ ကုန်စုံဆိုင်အထိ ဝယ်ယူ မရဘဲ ရှိနေခဲ့သည်ဟု ၎င်းက ဆက်ပြော သည်။
စားသောက်ကုန်အချို့ ဝယ်ယူမရ
ပျားရည်၊ ကြက်ဥ၊ နို့ နှင့် အသားများ လည်း အနီးအနားရှိ စတိုးဆိုင်များတွင် ဝယ်ယူမရဖြစ်ခဲ့သည်ဟု ၎င်းက ဆက် ပြောသည်။ ပြီးခဲ့သည့် ကိုဗစ် -၁၉ ကပ် ရောဂါလှိုင်းများနှင့် ကြုံတွေ့ရစဉ်အတွင်း တိုင်းပြည်အစိတ်အပိုင်း တော်တော် များများတွင် ကုန်စုံဆိုင်များ၌ ကုန်ပစ္စည်း ထောက်ပံ့မှုများကို ချိန်ညှိခဲ့ရသည်ဟု စီရာကက်စ်တက္ကသိုလ်မှ ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် ပါမောက္ခတစ်ဦး ဖြစ်သူ ပက်ထရစ်ပန်ဖီးဒ်က ပြောသည်။ ကိုဗစ်-၁၉ ဗီဇပြောင်းဖြစ်သည့် အိုမီ ခရွန်မှာမူ ကူးစက်မှုအလွန်လျင်မြန်ပြီး အမေရိကန်တစ်နိုင်ငံလုံးအနှံ့ မြန်မြန် ဆန်ဆန်ပင် ကူးစက်ပျံ့နှံ့ခဲ့သည်။
အခက်ကြုံတွေ့လာရ
ထို့ကြောင့် အမေရိကန်ရှိ စတိုးဆိုင် များနှင့် စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများဖျားနာမှု များနှင့် အသွားအလာစောင့်ကြည့်ကန့် သတ်ခံရမှုများနှင့် ကြုံတွေ့လာရသည်။
ထို့ကြောင့် အစားအစာ ထုတ်လုပ် ဖြန့်ဝေသည့်ကွင်းဆက်တွင် ပြဿနာ များရှိလာသည်။ စားသောက်ကုန်များကို ကုန်စုံဆိုင်များသို့ပေးပို့နိုင်ရေး အခက် ကြုံတွေ့လာရသည်။
ထို့ကြောင့် ကုန်စုံဆိုင်များတွင်ရှိ သည့် ပစ္စည်းများနှင့်သာ ဆိုင်ပြည့်အောင် အစားထိုး ပြင်ဆင်လာရသည်။ ထို့ပြင် ဝယ်သူများကိုလည်းတစ်ကြိမ်တည်းဖြင့် အများကြီးမဝယ်ယူအောင် ပစ္စည်းအရေ အတွက်ဖြင့်သာ ဝယ်ယူကြရန် ကန့်သတ် မှုများလုပ်ဆောင်လာရသည်။
ရာသီဥတုဆိုးရွားမှုကြောင့်
တိုင်းပြည်အစိတ်အပိုင်း တော်တော် များများတွင်လည်း ရာသီဥတုဆိုးရွားမှု ကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်လာရသည်ဟု ပန်ဖီးဒ်က ပြော သည်။ ပုပ်သိုးလွယ်သည့် စားသောက် ကုန်များကို ကုန်စုံဆိုင် တော်တော် များများတွင် ဖြည့်ဆည်းနိုင်ခြင်းမရှိတော့ ဟု ၎င်းက ဆက်ပြောသည်။
မကြာသေးမီက နှင်းများ ထူထပ်စွာ ကျခဲ့ပြီး ဝါရှင်တန်ရှိ အချို့သောဧရိယာ များရှိ စတိုးဆိုင်များတွင် အချို့သော ကုန်ပစ္စည်းများ ရောင်းစရာမရှိဘဲ ဗလာနတ္ထိ ဖြစ်ခဲ့ရသည်။
ရိုက်ခတ်မှုကို ခံစားနေရ
ထို့ပြင် အမေရိကန်၌ အိုမီခရွန်ကူး စက်မှုများ ပျံ့နှံ့လျက်ရှိပြီး ကုန်စုံဆိုင်များ နှင့် စတိုးဆိုင်များတွင် စားသောက်ကုန် ပစ္စည်းပြတ်လပ်မှုများမှာ မတ်လကုန် ပိုင်းလောက်အထိ ဖြစ်ပွားနိုင်ခြေရှိသည် ဟု ပန်ဖီးဒ်က သတိပေးပြောကြားခဲ့ သည်။
တစ်နိုင်ငံလုံးအနှံ့ စားသောက်ကုန် လုပ်ငန်းပိုင်ရှင်များ ကြုံတွေ့နေရသည် မှာ လုံလောက်သည့် အလုပ်သမား အင်အားကိုရှာဖွေရန် မလွယ်ကူခြင်းပင် ဖြစ်သည်ဟု လွတ်လပ်စွာ စားသောက် ကုန်ဖြန့်ဖြူးရေးအသင်းဖြစ်သည့် ကုန်စုံ ဆိုင်များအသင်းက ပြောသည်။ ကုန်စုံ ဆိုင်များနှင့် စားသောက်ကုန်လုပ်ငန်း များတွင် အဆိုပါပြဿနာ၏ ရိုက်ခတ်မှု ကို ခံစားနေရသည်။
ကြိုးကြားကြိုးကြား ကြုံတွေ့နေဦးမည်
မကြာသေးမီက ကောက်ယူထား သည့်စစ်တမ်းများအရ ကပ်ရောဂါကူးစက် မှု များပြားနေစဉ်အတွင်း လူအင်အား တစ်ဝက်ခန့်ဖြင့်သာ လုပ်ငန်းများကို လည်ပတ်နေရသည်ဟု ဖော်ပြလျက်ရှိ သည်။ ကုန်စုံဆိုင်များအသင်း အဖွဲ့ဝင် ၁၅၀၀ ထံမှကောက်ယူထားသည့်အချက် အလက်များအရ သိရှိရခြင်းဖြစ်သည်။
ထောက်ပံ့ရေးကွင်းဆက်တွင် စား သောက်ကုန်များ ပေါများနေသော်လည်း ဝယ်ယူသူများမှာ အချို့သောစားသောက် ကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြိုးကြား ကြိုးကြား ကြုံတွေ့နေရဦးမည်ဟု သတိ ပေးထားသည်။
လုပ်ငန်းခွင်သို့ လာရောက်နိုင်ခြင်း
မရှိတော့
စားသောက်ကုန်လုပ်ငန်းတွင် အလုပ် သမားအင်အား တစ်ဝက်ခန့်ဖြင့်သာ လည်ပတ်နေရသည့်အတွက် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု ကုန်စုံဆိုင် များအသင်းက ပြောသည်။ အလုပ်သမား များ ကိုဗစ်-၁၉ ကူးစက်ခံရသည့်အခါ အချို့မှာ လုပ်ငန်းခွင်သို့လာရောက်နိုင် ခြင်း မရှိတော့ချေ။
ကပ်ရောဂါကြောင့် ကုန်စုံဆိုင်များ နှင့် စားသောက်ဆိုင်များမှာ တိုက်ပွဲဖြစ် ပွားရာ စစ်မြေပြင်ကဲ့သို့ ဖြစ်သွားရသည် ဟု စူပါမားကတ် ဝက်ဘ်ဆိုက်မှ အယ်ဒီတာတစ်ဦးဖြစ်သူ ဖီးလ်လန်းပတ် က ပြောသည်။ ကပ်ရောဂါကာလအတွင်း နေအိမ်မှ အလုပ်လုပ်ကိုင်ခြင်းမဟုတ်ဘဲ လူကိုယ်တိုင်အလုပ်ဆင်းရမည့် လုပ်ငန်း များလည်း ရှိသည်။
၅၀ ရာခိုင်နှုန်းဖြင့်သာ လည်ပတ်နေရ
အထူးသဖြင့် စားသောက်ကုန်လုပ်ငန်း များတွင် လုပ်ကိုင်နေကြသူများမှာ မိမိ ကိုယ်တိုင် လုံခြုံစိတ်ချရမှုရှိရန် လိုအပ် သကဲ့သို့ လုပ်ငန်းခွင်အတွင်း ကျန်းမာစွာ လုပ်ကိုင်နိုင်ရေးမှာလည်း အရေးကြီး သည်ဟု ၎င်းကဆက်ပြောသည်။
မကြာသေးမီကာလအတွင်း ကုန်စုံ ဆိုင်များအသင်းက ကောက်ယူထားသည့် စစ်တမ်းများအရ အဖွဲ့ဝင် ကုန်စုံဆိုင် ပိုင်ရှင်များနှင့် စားသောက်ကုန်လုပ်ငန်း ရှင်များမှာ ၎င်းတို့၏စတိုးဆိုင်များတွင် ပုံမှန်အလုပ်သမားအင်အား၏ ၅၀ ရာခိုင် နှုန်းဖြင့်သာ လည်ပတ်နေရသည်ဟု သိရ သည်။ ။
ကိုးကား -အေအက်ဖ်ပီ