အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ITEC Day-2023 အခမ်းအနားကျင်းပ

 

နေပြည်တော်   စက်တင်ဘာ   ၂၀ 


အိန္ဒိယနိုင်ငံ     နည်းပညာနှင့်     စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်    (India  Technical   and Economic Cooperation) ITEC Day-2023 အခမ်း အနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။


အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဉာဏ်ထွန်း၊  ဌာနဆိုင်ရာ အကြီးအကဲများ၊   မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဗီနေကူးမားနှင့် သံရုံးဝန်ထမ်း များ၊ ITEC မှ တာဝန်ရှိသူများ၊ ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကြသူများ နှင့်     ဖိတ်ကြားထားသည့်    ဧည့်သည်တော်များ တက်ရောက်ကြသည်။


 စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပို့ချ


ဦးစွာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ် ကြီးက အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ITEC ခေါင်းစဉ် အောက်မှ  ၁၉၉၆ ခုနှစ်မှ   စတင်၍    မြန်မာနိုင်ငံရှိ  ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ သင်တန်းသား  အရေအတွက်  ၂၀,၀၀၀ ကျော်ကို ကာလတို၊ ကာလရှည် စွမ်းဆောင်ရည်မြှင့်သင်တန်း များကို ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ITEC သင်တန်းများ တွင် တက်ရောက်သင်ကြားခဲ့ကြသူများသည် မိမိတို့ ၏ တာဝန်ထမ်းဆောင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး တို့တွင် အောင်မြင်စွာ တာဝန်ထမ်းဆောင်နေကြသည် ကို   လေ့လာတွေ့ရှိရသဖြင့်   ဝမ်းမြောက်ဂုဏ်ယူမိ ပါကြောင်း၊     ဆက်လက်၍လည်း    မြန်မာနိုင်ငံနှင့် သင့်လျော်မှုရှိသော     သင်တန်းအသီးသီးကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက အိန္ဒိယ နိုင်ငံအနေဖြင့်    လူ့စွမ်းအားအရင်းအမြစ်     ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များအရ ဘာသာရပ်ပေါင်းစုံ အတွက် သင်တန်းများကို အိန္ဒိယနိုင်ငံတွင် အကူအညီ ပေးလျက်ရှိရာ ဌာနအသီးသီးမှ ဝန်ထမ်းများစေလွှတ် ပေးနေပါကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလ အထိ   လျှပ်စစ်ကဏ္ဍမှ   သင်တန်းသား ၁၃၇ ဦးကို အိန္ဒိယနိုင်ငံသို့ စေလွှတ်နိုင်ခဲ့ပါကြောင်း၊ ယခု ITEC  အစီအစဉ်မှ ဖွင့်လှစ်ခဲ့သော ဆက်စပ်သင်တန်းများသို့ ၁၂၆ ဦး  တက်ရောက်ရန်  စေလွှတ်နိုင်ခဲ့ပါကြောင်း၊ ITEC အစီအစဉ်အောက်မှ သင်တန်းများသို့ သင်တန်း သား  အရေအတွက် ပိုမိုတိုးမြှင့်စေလွှတ်သွားလိုပါ ကြောင်း၊ ယခင်ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းများနှင့် ပတ်သက်၍လည်း သင်တန်းသားများ၏ အကြံပြုချက် များအရ သင်တန်းချိန်များ တိုးပေးစေလိုပါကြောင်း၊ ထို့အတူ   နေရောင်ခြည်စွမ်းအင်၊   လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ဆိုင်ရာ     သင်တန်းများ၊      နိုင်ငံ ဖြတ်ကျော်  ဓာတ်အားလိုင်းချိတ်ဆက်၍  ဓာတ်အား ကုန်သွယ်မှုဆိုင်ရာ သင်တန်းများကိုလည်း အလျဉ်း သင့်သလို ဆက်လက်ဖွင့်လှစ်ပေးပါရန် အဆိုပြုပေးပို့ ထားပါကြောင်း ပြောကြားသည်။


ထို့နောက် ITEC  ကျောင်းသားဟောင်းများက မိမိတို့    ပညာသင်ကြားခဲ့မှု    အတွေ့အကြုံများနှင့် အကျိုးကျေးဇူးများကို အမြင်ချင်းဖလှယ်၍ ရှင်းလင်း ဆွေးနွေးတင်ပြကြပြီး   ITEC  နှင့်  ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။ 


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်


ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ ဒုတိယအတွင်းဝန် မစ္စတာလာလစ်ကူးမားက ကျေးဇူးတင်စကား  ပြောကြားသည်။   ထို့နောက်  ITEC  Day - 2023   အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသည့်    ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် ITEC   သင်တန်းများသို့    တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ    သင်တန်းသား  သင်တန်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။                                          

သတင်းစဉ်