ရန်ကုန် အောက်တိုဘာ ၁
ပြည်ပဈေးကွက်တွင် ဈေးကွက် မြင့်တက် နေသည့် ရေထွက်ကုန်ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ် သော အိမ်မွေးတိရစ္ဆာန်အစာ( Pet Food )ကို မြန်မာနိုင်ငံ၌ ထုတ်လုပ်မည်ဆိုပါက လုပ်ငန်းရှင် များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေ ကြောင်း သိရသည်။
နိုင်ငံတကာတွင် အိမ်မွေးတိရစ္ဆာန်အစာ (Pet Food)ကို ရေထွက်ကုန် ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိရာ ပင်လယ်ပြင် ငါးဖမ်းဆီးရရှိမှုများသော နိုင်ငံတို့၌ စက်ရုံများတည်ထောင်၍ နည်းပညာ အထောက် အကူဖြင့် ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ အိမ်နီး ချင်းနိုင်ငံမှ ထုတ်လုပ်သော အိမ်မွေးတိရစ္ဆာန် အစာကို အမှီပြုနေရလျက်ရှိသည်။
“ရုရှားဖိုရမ်မှာ ငါးအရေခွံနဲ့ ငါးရဲ့ ဘေးထွက် ပစ္စည်းက ထုတ်လုပ်တဲ့ Pet Food လို့ခေါ်တဲ့ အိမ်မွေးတိရစ္ဆာန်အစာ ထုတ်လုပ်မှုကို ပြသတာ မတွေ့ခဲ့ရဘူး။ တခြားရေထွက်ပစ္စည်း ထုတ်ကုန် တွေ ပြသတာတော့ တွေ့ခဲ့ရတယ်။ နိုင်ငံတကာမှာ တော့ တိရစ္ဆာန်အစာဟာ ဈေးနှုန်းကြီးတယ်လို့ ကြားတယ်။ ရေထွက်ကုန်ပေါများတဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ လိုအပ်သလို လေ့လာဖို့လည်းလိုမယ်။ ငါးတန်ရဲ့အရေခွံနဲ့ စမ်းပြီးထုတ်လုပ်တာ ရခဲ့တာ ရှိတယ်။ ဈေးကွက်ဝယ်လိုအားရှိတဲ့ နိုင်ငံနဲ့ ချိတ်ဆက်ပြီး ထုတ်လုပ်မယ်ဆိုရင် နိုင်ငံအတွက် ပိုအကျိုးရှိမှာပါ။ နည်းပညာပိုင်းဆိုင်ရာတော့ လိုတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင် က ပြောသည်။
ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့၌ ငါးတန် အရေခွံကို မုန့်နှစ်ဖြင့်ကြော်၍ တန်ဖိုးမြင့် သရေစာ အဖြစ်ထုတ်လုပ်ကာ တစ်ဂရမ်လျှင် ခြောက်ဒေါ်လာ ဖြင့် ရောင်းချလျက်ရှိရာ ငါးခေါင်းနှင့် အရိုးပိုင်းကို တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ်ရောင်းချနိုင်ခြင်းကြောင့် ငါးတန်နှင့် ငါးမြစ်ချင်း မွေးမြူမှုပေါများ သော မြန်မာနိုင်ငံ၌ ဘေးထွက်ပစ္စည်းမှ Pet Food ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များစွာ ရှိနေပေ သည်။
“အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံက ငါးအစာ၊ တိရစ္ဆာန်အစာ ကမ်းလှမ်းတာ ရှိခဲ့တယ်။ အစာရဲ့ အရည်အသွေးကို ထိန်းချုပ်ဖို့ ခက်တာကြောင့် တိရစ္ဆာန်အစာကို မထုတ်လုပ်နိုင်သေးဘူး။ နောက် တစ်ခုက ပြည်တွင်းကုန်ကြမ်း ပိုလိုအပ်လာမယ်။ တိရစ္ဆာန်အစာထုတ်ဖို့ ဌာနတွေက လုပ်ဆောင်မယ် ဆိုရင် ပိုပြီးအောင်မြင်နိုင်တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ဖို့ အဆင် သင့်ပါ။ အိမ်နီးချင်းနိုင်ငံတွေထက် ရေခံမြေခံ ကောင်းနေတဲ့ နိုင်ငံဖြစ်တာကြောင့် အရည်အသွေး ကောင်းကောင်းထုတ်လုပ်သွားမယ်ဆိုရင် လိုအပ် တဲ့ ကုန်ကြမ်းကိုပိုပြီး ထုတ်လုပ်နိုင်တဲ့အတွက် မွေးမြူရေးတောင်သူတွေပိုပြီး အဆင်ပြေသလို နိုင်ငံတော်အတွက်လည်း ပြည်ပပို့ကုန်နိုင်ငံတွေတိုးလာစေပါတယ်။ နိုင်ငံတော်၊ ဌာနဆိုင်ရာနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုရရှိမှာပါ”ဟု ရွှေပြည်သာစက်မှုဇုန် အစာတောင့်စက်ရုံ ဒါရိုက်တာ ဦးဇော်လင်းက ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှ Pet Food ကို တင်သွင်းလျက်ရှိရာ နိုင်ငံအတွင်း ထုတ်လုပ်နိုင်ပါ က နှစ်စဉ် ပြည်ပထွက်ငွေ လျော့နည်းသွားမည် ဖြစ်သည်။ Pet Food စက်ရုံအတွက် နည်းပညာပိုင်း ဆိုင်ရာ၊ ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးအတည်ပြုမှု၊ တည်ဆောက်မှုနှင့် နည်း ပညာများရရှိပါက ကုန်ကြမ်းအတွက် ရေထွက်ကုန် ထုတ်လုပ်မှုကို မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်နှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရှိ တိရစ္ဆာန်အစာ စက်ရုံများမှ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့် အပြင် ပြည်ပပို့ကုန်မှ နိုင်ငံခြားဝင်ငွေ နှစ်စဉ်တိုးမြှင့်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)



