အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၉


နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကို ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အကျုံးဝင်သူ များကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုရုံးပိတ်ရက် သတ်မှတ်ကာလများ တွင်လည်း ပန်းခင်းစီမံချက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအဖြစ် ဝန်ကြီးဌာနမှ ဆောင်ရွက်ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် ရန်နှင့်   မီဒီယာဖြင့်   ပြည်သူများသို့  အသိပေး ဆောင်ရွက်ရန်စသည့် အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။    

 


ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည့် ပန်းခင်း စီမံချက်ဖြင့်         အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား        ထုတ်ပေးခြင်း လုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အီလက် ထရွန်နစ်စနစ်ဖြင့်    လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID  Population  Registry) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရေရှည်တွင် ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာဖြင့် နိုင်ငံတကာအဆင့်အတန်းမီ   အသုံးပြုဆောင်ရွက် နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေ ဖြင့် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင် ခြင်းစနစ်   (e-ID  Population  Registry)  ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်  ကြိုးပမ်းဆောင်ရွက်ကြရမည်   ဖြစ်ပါ ကြောင်း၊ e-ID စနစ်သည် နိုင်ငံတော်မှ ဆောင်ရွက် နေသည့်  e-Government  စနစ်၏  အခြေခံ အကျဆုံးလုပ်ငန်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကို e-ID စနစ်ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် အခြားသောဆက်စပ်ဌာနများမှ ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်     လိုအပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က e-ID Population Registry  လုပ်ငန်းနှင့် ပတ်သက်၍ ယခင်ကဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်း ကောင်း၊ လုပ်ငန်းဆိုင်ရာ တာဝန်ခံများက e-ID စနစ် လုပ်ငန်း  အကောင်အထည်ဖော်  ဆောင်ရွက်နိုင် ရေးအတွက်  ဆပ်ကော်မတီများအလိုက်  ဖွဲ့စည်း ဆောင်ရွက်ခဲ့မှု   အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက  သိရှိလိုသည်များနှင့်  လိုအပ်သည်များ မေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး e-ID စနစ်လုပ်ငန်းဖြင့်   နိုင်ငံသားစိစစ်ရေးကတ်ပြား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံချက်စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး၊    လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူမှတ်တမ်းတင် ထိန်းသိမ်းခြင်းဖြစ်သည့်အတွက်   ဥပဒေနှင့်အညီ ဖြစ်စေရေးနှင့်   ဆက်စပ်ဌာနများ၊  နည်းပညာ ကျွမ်းကျင်ပညာရှင်များနှင့်   ပူးပေါင်းဆောင်ရွက် နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။


 သတင်းစဉ်