အဂတိလိုက်စားမှုများ တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

Type

 

လင်းလက်

 

အဂတိလိုက်စားမှုဆိုသည်မှာ


လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင် ပေးခြင်း၊  လက်ခံခြင်းနှင့်   ရယူခြင်းတို့သည်သာ အဂတိလိုက်စားမှုဖြစ်သည်ဟု    အဂတိလိုက်စားမှု ဆိုသည့် အနက်အဓိပ္ပာယ်ကို ယေဘုယျဆန်ဆန် နားလည်လက်ခံတတ်ကြပါသည်။  

 

 သို့ရာတွင် အဂတိလိုက်စားမှု၏        အနက်အဓိပ္ပာယ်သည် ထို့ထက်ကျယ်ပြန့်၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲလှပါသည်။ အောက်စဖို့ဒ် (the Oxford) နှင့် မယ်ရီရမ်ဝက်ဘ်စတာ    (Merriam-   Webster) အဘိဓာန်တို့တွင် “လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော ပြုမူဆောင်ရွက်မှုနှင့် အထူးသဖြင့် ဩဇာအာဏာ ရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင် သော အပြုအမူ” ဟု    အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

 


အပြည်ပြည်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်များ


ကုလသမဂ္ဂ   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United   Nations   Convention Against  Corruption_UNCAC)တွင် အဂတိ လိုက်စားမှုဆိုသည်မှာ     “အများပြည်သူဆိုင်ရာ အရာရှိများ၏ တရားဥပဒေနှင့်    ဆန့်ကျင်သည့် ကျူးလွန်ဆောင်ရွက်မှုများ” ဟု   လည်းကောင်း၊ ကမ္ဘာ့ဘဏ်က  “ကိုယ်ကျိုးစီးပွားအတွက် အများ ပြည်သူဆိုင်ရာ လုပ်ငန်းဌာနအား   အသုံးချခြင်း” ဟု လည်းကောင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Co-operation and Development-OECD)က “အများပြည်သူဆိုင်ရာ   သို့မဟုတ် ပုဂ္ဂလိကဆိုင်ရာဌာနအား   ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်း”ဟုလည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transpa-rency International-TI)က “ယုံကြည်အပ်နှံထား သော      လုပ်ပိုင်ခွင့်အာဏာအား     အလွဲသုံးစားပြု ခြင်း” ဟု   လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည် ကို တွေ့ရှိရပါသည်။ 

 


နိုင်ငံတိုင်းက လက်မခံ


အဂတိလိုက်စားမှုသည် လူ့ကျင့်ဝတ်ကို ဖောက် ဖျက်သော   အပြုအမူဖြစ်သည်ဟု   ဆိုနိုင်သည်။ အဂတိလိုက်စားမှုဆိုသည့်အရာကို       ထောက်ခံ အားပေးသော၊  ဥပဒေအရ   ကျူးလွန်ခွင့်ပြုသော နိုင်ငံ မရှိပေ။  နိုင်ငံတိုင်းက အဂတိလိုက်စားမှုကို လက်မခံနိုင်သဖြင့်   ကုလသမဂ္ဂ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း   (UNCAC) သည် ၃၁-၁၀-၂၀၀၃ ရက်     ကုလသမဂ္ဂအထွေထွေညီလာခံ ၏ ဆုံးဖြတ်ချက် ၅၈/၄ အရ ပေါ်ထွက်လာခဲ့ရခြင်း ပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၌ အဂတိ လိုက်စားမှုဆိုသည့် အရာကို မိမိနိုင်ငံ၊ မိမိဥပဒေဖြင့် အရေးယူဆောင်ရွက်နေကြပါသည်။

 


သိင်္ဂါလောဝါဒသုတ်နှင့် အဂတိတရားလေးပါး


မြတ်စွာဘုရားရှင်     ရာဇဂြိုဟ်ပြည်    ဝေဠုဝန် ကျောင်းတော်၌   သီတင်းသုံးစဉ်အခါက သိင်္ဂါလ သူဌေးသားကို သိင်္ဂါလောဝါဒသုတ် (ခေါ်) ဂိဟိဝိနယ (ခေါ်) လူ့ဝတ်နည်း  ကျင့်ဝတ်တရားတော်များဖြစ် သည့် ကမ္မကိလေသတရား လေးပါး၊ အဂတိတရား လေးပါး၊ ဥစ္စာပျက်စီးကြောင်း   ခြောက်ပါး၊    အရပ် မျက်နှာခြောက်ပါးတို့ကို ဟောကြားညွှန်ပြ ဆိုဆုံးမ တော်မူခဲ့သည်။

 

သိင်္ဂါလောဝါဒသုတ်လာ အဂတိ တရားလေးပါးတို့မှာ-


ဆန္ဒာဂတိ။    ချစ်ခင်သဖြင့်    မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည် ကို ပြုခြင်း၊ 
ဒေါသာဂတိ။    စိတ်ဆိုးသဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည် ကိုပြုခြင်း၊ 
မောဟာဂတိ။    ဆင်ခြင်တုံတရားမရှိဘဲ   မိုက်မဲ တွေဝေသဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊  မပြုသင့်သည် ကိုပြုခြင်း၊ 
ဘယာဂတိ။    ကြောက်ရွံ့သဖြင့်    မလိုက်သင့် သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့် သည်ကိုပြုခြင်း တို့ဖြစ်ပါသည်။

 


အကျိုးနှင့် အပြစ်


ချစ်ခြင်းကြောင့်လည်းကောင်း၊     မုန်းခြင်း ကြောင့်လည်းကောင်း၊    ကြောက်ခြင်းကြောင့် လည်းကောင်း၊    မသိခြင်းကြောင့်လည်းကောင်း မည်သည့်အကြောင်းကြောင့်မဆို  ဘက်လိုက်ခြင်း မပြုသင့်သည်ကို ပြုကျင့်ခြင်းဖြင့်   အဂတိတရား လေးပါးကို လိုက်စားသောသူသည် လဆုတ်သော အခါ လမင်း၏  အရောင်အဝါသည် တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ အခြံအရံနှင့်   ကျော်စောခြင်းတို့သည်   လျော့ပါး ဆုတ်ယုတ်တတ်သဖြင့်    အဂတိတရားလေးပါးကို ရှောင်ရှားသင့်ကြောင်း      မြတ်စွာဘုရားရှင်က ဆုံးမထားခြင်းဖြစ်သည်။ 

 


အဂတိတရားလေးပါးကို       ရှောင်ရှား၍     လူ့ကျင့်ဝတ်များကို       လိုက်နာစောင့်ထိန်းကာ ပြုမူဆောင်ရွက်သူသည် လဆန်းသောအခါ လမင်း ၏ အရောင်အဝါသည် တစ်နေ့တခြား  တိုးပွားလာဘိ သကဲ့သို့    စည်းစိမ်ဥစ္စာနှင့်တကွ     အခြံအရံနှင့် ကျော်စောခြင်းတို့သည်    တစ်နေ့တခြား    တိုးပွား လာမည် ဖြစ်ပါသည်။ 

 


အလောင်းမင်းတရား လက်ထက်အခါ


မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက်နှင့် တတိယမြန်မာနိုင်ငံတော်ကို   တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး   ဦးအောင်ဇေယျသည် တိုင်းပြည်ကို စီမံအုပ်ချုပ်ရာတွင် ကျောသားရင်သား ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုမရှိသဖြင့် ပြည်သူများ၏ ချစ်ခင်ယုံကြည်မှုကို ရရှိခဲ့ပါသည်။ မိဖုရားခေါင်ကြီး က  ၎င်း၏မောင်တော်သည်  ရာထူးနေရာမရှိ၍ ချီးမြှင့်မြှောက်စားပေးရန်    လျှောက်တင်မှုအပေါ် နန်းတော်အောက်၌မွေးနေသော ခွေးကို သွားရောက် ကြည့်ရှုစေရာ တိကျသေချာမှုမရှိဘဲ   အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနေသည်ကို       ထောက်ပြကာ ယောက်ဖတော်ပင်    ဖြစ်လင့်ကစား   ရာထူးရာခံ ချီးမြှင့်ခြင်း    မပြုခဲ့သဖြင့်    ပြည်သူများ၏   ချစ်ခင် ယုံကြည်မှု ပိုမိုရရှိခဲ့ပါသည်။

 


သမိုင်းအဆက်ဆက် တိုက်ဖျက်ခဲ့ပါသည်


မြန်မာနိုင်ငံသည်  အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်လက်အောက်   ကျရောက်ခဲ့ရပြီး ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်တွင်   လွတ်လပ်ရေး ရခဲ့ ပါသည်။ လွတ်လပ်ရေးရပြီး  ၁၀ လအကြာ ၁၉၄၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင်    အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို     ပြဋ္ဌာန်းကာ တံစိုး လက်ဆောင်ပေးခြင်း၊ ရယူခြင်းနှင့်   အဂတိလိုက်စား ခြင်းတို့ကို တားမြစ်ထိန်းချုပ်ဆောင်ရွက်ခဲ့ပါသည်။ သို့ဖြစ်ရာ     မြန်မာနိုင်ငံနှင့်     မြန်မာ့သမိုင်း၌ မည်သည့်အချိန်တွင်မှ အဂတိလိုက်စားမှုကို လက်ခံ ခဲ့ခြင်းမရှိဘဲ   ခေတ်စနစ်နှင့်အညီ     တွန်းလှန် တိုက်ဖျက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

 


ဥပဒေအရ တားမြစ်ရ


အဂတိလိုက်စားမှုကြောင့်  နိုင်ငံ၏    စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစနစ်များကို ထိခိုက် စေပြီး   အများပြည်သူ၏   လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေသဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ် တွင်     အဂတိလိုက်စားမှု   တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို   ဖွဲ့စည်းခဲ့ပြီး      အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို   ဆောင်ရွက်လျက် ရှိပါသည်။ ခေတ်စနစ်နှင့်အညီဖြစ်စေရန် ဥပဒေကို စတုတ္ထအကြိမ်အထိ ပြင်ဆင်ကာ အသွင်အမျိုးမျိုး ဖြင့် ဖြစ်ပွားနေသော    အဂတိလိုက်စားမှုများကို ဟန့်တားထိန်းချုပ်၊   အရေးယူ   ဆောင်ရွက်လျက် ရှိပါသည်။

 


စတုတ္ထအကြိမ်ပြင်ဆင်ခဲ့သော   အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (က) (၁)နှင့် ၃ (က) (၂) တို့တွင် အဂတိလိုက်စားမှု၏     အဓိပ္ပာယ်ကို အောက်ဖော်ပြပါအတိုင်း   ဖွင့်ဆိုထားပါသည်-


    (က)    မည်သူမဆို ရာထူးတာဝန်ကို     အလွဲ 
                သုံးစားပြု၍ ဖြစ်စေ၊   အခြားနည်းဖြင့်             ဖြစ်စေ    တစ်စုံတစ်ရာကို   ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန်   သို့မဟုတ်  တစ်ဦး တစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက် သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့် အရေးကိုပေးရန်   သို့မဟုတ်  ဥပဒေနှင့် အညီ  ရထိုက်သောအခွင့်အရေးကို မမှန် မကန်    ပိတ်ပင်ရန်အတွက်  တံစိုး လက်ဆောင်ကို   တစ်ဦးတစ်ယောက် အားပေးခြင်း၊   ပေးရန်အားထုတ်ခြင်း သို့မဟုတ်     တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊    ရယူခြင်းနှင့်   ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊


    ( ခ )    မည်သူမဆို  သက်ဆိုင်ရာ  အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း   သို့မဟုတ်  အခြားအဖွဲ့ အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ် စီမံဆောင်ရွက်သည့်   လုပ်ငန်းစဉ်တွင် ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံ ခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့ နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ် ကို     ဖောက်ဖျက်လျက်    နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း။

 


ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်လာ


၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အဂတိလိုက်စားမှု ဆိုရာတွင် တံစိုးလက်ဆောင် လက်ခံခြင်းနှင့် ရယူ ခြင်းတို့အတွက်သာ အရေးယူဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံတော်ဘဍာ     ထိခိုက်နစ်နာဆုံးရှုံးမှုများကို အရေးယူဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် စတုတ္ထ အကြိမ်   ပြင်ဆင်ခဲ့သည့်   ဥပဒေတွင်   အဂတိ လိုက်စားမှု၏ အဓိပ္ပာယ်ကို ပိုမိုကျယ်ပြန့်စွာ ဖွင့်ဆို ခဲ့ပြီး “နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ     ပျက်စီးဆုံးရှုံးမှုများ”       ကိုပါ အရေးယူဆောင်ရွက်နိုင်ခဲ့သဖြင့်    အဂတိလိုက်စားမှု များကို ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရှိရပါသည်။

 


အဂတိပယ်ခွာ ပြည်သာယာရေး


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၄ အရ မည်သူမဆို အဂတိလိုက်စားမှု သို့မဟုတ် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့နှင့်စပ်လျဉ်း၍ ကော်မရှင်၊ ကော်မရှင်ရုံး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး  ဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးအဖွဲ့၊ သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ သတင်းပေးပို့ ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်ပါသည်။

 


အဂတိလိုက်စားမှုများကြောင့်     နစ်နာသူများ အနေဖြင့် တိုင်တန်းချက်များပေးပို့ရာတွင် တိုင်ကြား နိုင်မည့် နည်းလမ်းများ၊ သတိပြုရမည့်အချက်များနှင့် ကော်မရှင်အနေဖြင့် တိုင်ကြားစာများကို စိစစ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ကော်မရှင်၏ Website နှင့် Facebook Page များတွင်လည်း ဖော်ပြထားပါ သည်။ ထို့ပြင်  နိုင်ငံပိုင်သတင်းစာများတွင်လည်း အလျဉ်းသင့်သလိုဖော်ပြလျက်ရှိရာ ပြည်သူများက အဂတိလိုက်စားမှုများကို လုံးဝသည်းခံခွင့်လွှတ်ခြင်း မပြုသောစိတ်ဖြင့်       အဂတိလိုက်စားမှုများကို သတ်မှတ်ချက်များနှင့်အညီ သတင်းပေးဖော်ထုတ် တိုင်ကြားခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်    ပူးပေါင်းကာ    အဂတိပယ်ခွာ ပြည်သာယာရေး   ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။      ။