
နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်း အားကစားပြိုင်ဝင်းနှင့် တာမွေမြို့နယ်ရှိ ကျိုက္ကဆံအားကစား ကွင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ကြည်ရှုစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း သို့ရောက်ရှိပြီး အားကစားပြိုင်ဝင်း ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ရေး အတွက် ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အောင်ဆန်းအားကစား ပြိုင်ဝင်း အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားဝင်းဆိုင်ရာ အချက်အလက် များနှင့် သမိုင်းအကျဉ်း၊ အဆောက်အအုံ များ ပျက်စီးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အောင်ဆန်းအားကစား ပြိုင်ဝင်းသည် နှစ်ပေါင်း ၁၁၂ နှစ်ရှိပြီ ဖြစ်ပြီး ယခင်က အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့သည့် သမိုင်းဝင် အားကစားပြိုင်ဝင်းတစ်ခုဖြစ်ကြောင်း၊ အားကစားဝင်းအား ပြန်လည်အဆင့် မြှင့်တင်တည်ဆောက်ရာတွင် နိုင်ငံတကာ အဆင့်မီပွဲများ ကျင်းပနိုင်ရေးအတွက် ထည့်သွင်း စဉ်းစားဆောင်ရွက်ရန်လို ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်များရပ်နားရန် အတွက် နေရာများ၊ ပရိသတ်များ ဝင်၊ ထွက်သွားလာမှု အဆင်ပြေစေရေး အတွက် ခုံးကျော်တံတားများနှင့် မြေအောက်လမ်းကူး လူသွားဥမင်များ၊ ဘတ်စ်ကား မှတ်တိုင်များထည့်သွင်း တည်ဆောက်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေချိန်ကာလတွင် လက်ရှိအားကစား ကွင်း၌ လေ့ကျင့်ရေးဆောင်ရွက်နေသော အားကစားသမားများ အားကစားနည်း များအလိုက် လေ့ကျင့်ရေးဆောင်ရွက် နိုင်ရန်နေရာများ ကြိုတင်စဉ်းစား ဆောင်ရွက်ထားရန်လိုကြောင်း မှာကြား သည်။
အဆိုပါ အောင်ဆန်းအားကစား ပြိုင်ဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလအမည်မှာ BAA(Burma Athletic Association Ground) ဖြစ်ကြောင်း၊ လူစည်ကားသော ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများ အပြင် အထူးတလည်အမှတ်တရဖြစ်စေ သော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ် ရက်နေ့(Holiday on Ice)ခေါ် ရေခဲပြင် ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် မူလအမည် BAA(Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစားပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းညွှန်မှာကြား
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ ဘတ်စကက်ဘော အားကစားရုံ နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ကျိုက္ကဆံကွင်း)တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်နိုင် မည့်အခြေအနေ၊ အားကစားသမားများ အမှန်တကယ်လေ့ကျင့်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်သည့် အခြေ အနေနှင့် အမျိုးသားအားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်