
MSME ဆောင်ရွက်နေသူများအနေဖြင့် ကိုယ်တိုင် ကြိုတင်အားထုတ်ဆောင်ရွက်ရန်လိုအပ်ပြီး ခိုင်မာသည့် လုပ်ငန်းများရှိချိန်တွင် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်
နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်လျက်ရှိ၊ ပြည်တွင်းအားဖြင့် တည်ဆောက်ခြင်းသည် စိတ်အချရဆုံးဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် ပြီးခဲ့သည့်ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီ(၁/၂၀၂၂) အစည်းအဝေးနှင့် မြန်မာ့ ဆန်စပါးညီလာခံ ၂၀၂၂ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းရပ်နှစ်ခုလုံးသည် နိုင်ငံ့စီးပွားရေး မြှင့်တင်မှုအတွက် အဓိကကျသည့် လုပ်ငန်းရပ်များ ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် အဓိကအားဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ် မိမိတို့ တာဝန်ယူ ပြီးနောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့ စီးပွားတိုးတက်မှုများ တုံ့ဆိုင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အနုတ်လက္ခဏာ ပြနေသည်ဟု ပြောကြားခဲ့ကြကြောင်း၊ နိုင်ငံစီးပွားရေး ကျဆင်းသည်ဟု ဆိုသော်လည်း မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှုများ အမြဲမပြတ်ထုတ်လုပ်၍ ပြည်ပသို့ ပို့ကုန် များ တင်ပို့နိုင်ခြင်းကြောင့် စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ကျဆင်းသွားခြင်းမရှိကြောင်း။
တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ပကိုတတ်နိုင်သမျှ မှီခိုမှုမပြုရန် မိမိအနေဖြင့် အမြဲပြောကြားခဲ့ကြောင်း၊ ယင်းသည် ခေတ် အဆက်ဆက် တွေ့ကြုံသည့် သင်ခန်းစာများအရ ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကို အားကိုးနေ၍မရဘဲ ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက အကောင်းဆုံးပင်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူနေ ချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား အားပေးဆောင်ရွက်နေကြောင်း၊ MSME လုပ်ငန်းများ သည် ပြည်တွင်းရှိ လုပ်ငန်းရှင်များ ကိုယ်တိုင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ မိတ္ထီလာ၊ ရန်ကုန်နှင့် ပြည်မြို့တို့ရှိ MSME လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးရာတွင် MSME လုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်နိုင်သည် များရှိသကဲ့သို့ နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက် ပေးရမည့် ကိစ္စရပ်များရှိသည်ကိုလည်း တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ ကိုယ်တိုင်ဆောင်ရွက်နိုင်သည့် MSME လုပ်ငန်း များကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းတွင်သာရှိသည် ဟူသည့်အတိုင်း ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လပ်မှု နည်းပါးမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ အချို့သတ္တုကုန်ကြမ်းများ အတွက်လည်း နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေး၍ ရကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများတွင် ကုန်ကြမ်းသာမက လျှပ်စစ်စွမ်းအင်နှင့် Energy စွမ်းအားများလည်း လိုအပ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း မြေဩဇာနှင့် ပိုးသတ်ဆေးများ လိုအပ်သကဲ့သို့ မွေးမြူရေးနှင့် ပတ်သက်၍လည်း အစာကဲ့သို့ သွင်းအားစုများလိုအပ် ကြောင်း၊ အဆိုပါလိုအပ်သည့် သွင်းအားစုများကိုရရှိ အောင် ပြည်တွင်း၌ ဆောင်ရွက်ပေး၍ရကြောင်း၊ လျှပ်စစ်စွမ်းအားလုံလောက်စွာ ရရှိရေးအတွက်လည်း နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပြီး နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း များကို ဆောင်ရွက်၍ရကြောင်း၊ နိုင်ငံတော်ကလည်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး တစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုခြင်းဖြင့် ကုန်ကျ စရိတ်များ သက်သာမည်ဖြစ်သကဲ့သို့ လျှပ်စစ်ဓာတ်အား ရရှိရန်သုံးစွဲသည့် စက်သုံးဆီသုံးစွဲမှုကိုလည်း လျှော့ချ နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်
အရင်းအနှီးနှင့် ပတ်သက်၍လည်း MSME ဆောင်ရွက်နေသူများအနေဖြင့် ကိုယ်တိုင်ကြိုတင် အားထုတ်ဆောင်ရွက်ရန်လိုအပ်ပြီး ခိုင်မာသည့် လုပ်ငန်းများရှိချိန်တွင် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံ ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေ တွင် ဖွံ့ဖြိုးရေးချေးငွေနှင့် စီးပွားရေးချေးငွေဟူ၍ နှစ်မျိုးရှိကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင် နိုင်ငံတော်မှ ချေးယူခဲ့သည့် ရင်းနှီးမြှုပ်နှံငွေများ ပြန်လည်ပေးဆပ် ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ ပေးထားသော်လည်း အချိန်တစ်ခုတွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လူသားအရင်းအမြစ်လိုအပ်မှုနှင့် ပတ်သက် ၍ တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုကြောင်း၊ အခြေခံပညာ ပြီးမြောက်မှုမရှိသေးသည့်လုပ်ငန်းဆောင်ရွက်နေသူများကိုလည်း အလယ်တန်းပညာ၊ အထက်တန်းပညာအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ အခြေခံပညာအထက်တန်းပြီးဆုံးသူများ ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ် များကို ဆက်လက်သင်ကြားနိုင်အောင် နိုင်ငံတော် အနေဖြင့် စီမံဆောင်ရွက်နေကြောင်း၊ အလားတူ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုသိပ္ပံ တက်ရောက်သူများမှ ထူးချွန်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ပညာရပ်များအလိုက် တက္ကသိုလ်နှင့် ကောလိပ်များသို့ တက်ရောက်၍ ရကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ် လုံလောက်စွာ ရရှိရေးအတွက် ပညာရည်မြင့်မားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
ကုန်ကြမ်းလိုအပ်ချက်နှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန် ကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ လုံလောက်စွာ ရှိပြီး ဖြစ်ကြောင်း၊ အဆိုပါ ကုန်ကြမ်းများကို အသုံးချ ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်း များကို ဆောင်ရွက်၍ရကြောင်း၊ ဝါးစိုက်ပျိုးမှုများ ဆောင်ရွက်၍ ဝါးကိုအခြေခံသည့် စက်မှုထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်၍ ရကြောင်း၊ ဝါးကုန်ကြမ်းများ ရရှိရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ အခြား စိုက်ပျိုးရေးထုတ်ကုန်နှင့် မွေးမြူရေး ထုတ်ကုန်ကုန်ကြမ်းများဖြင့် ဆောင်ရွက်၍ ရကြောင်း၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာ လုပ်ငန်းအလိုက် တွက်ဆ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသထွက်ပစ္စည်းများ ကို အသုံးပြု၍ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် မိမိအနေဖြင့် မူဝါဒ တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအားလုံးတစ်ပြေးညီဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဆွေးနွေး၍ တည့်မတ်ဆောင်ရွက်ကြစေ လိုကြောင်း။
မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကို ကျင်းပလျက် ရှိပြီး နိုင်ငံတော်အတွက် အကျိုးရှိသည့် ဆောင်ရွက် ချက်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်ပြီး ဆန်ကိုအဓိကစိုက်ပျိုး၍ ပဲနှင့် ဆီထွက် သီးနှံများကိုလည်း စိုက်ပျိုးသည့် နိုင်ငံဖြစ်ကြောင်း၊ ဆန်သည် မိမိတို့နိုင်ငံ၏ အဓိကထုတ်ကုန်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်ကောင်းစွာထုတ်လုပ် နိုင်သောနိုင်ငံဖြစ်သဖြင့် Food Security အတွက် နိုင်ငံ၏ ဂုဏ်သိက္ခာတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံ တကာသို့ ဆန်များပေါများစွာ တင်ပို့နိုင်မည်ဆိုပါက လူအများ၏စားရေး Food Security ကို တာဝန်ယူ နိုင်သည့် အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးနှင့် နွေစပါးများ စိုက်ပျိုးကြပြီး စိုက်ပျိုးဧက ၁၇ သန်းကျော်ခန့်ရှိကြောင်း၊ နိုင်ငံ အတွင်း လူဦးရေ ၅၅ သန်းခန့်ရှိကြောင်း၊ စပါး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက ယခုထက်ပိုမို၍ ဆန်များပြည်ပသို့ တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ပြည်ပသို့ နယ်စပ်ဒေသများမှ တရားမဝင် ဆန်တင်ပို့မှုများကိုလည်း တားဆီးကာကွယ် ဆောင်ရွက်ရန် လိုကြောင်း။
ရထားလမ်းများ
အဆင့်မြှင့်တင် ဆောင်ရွက်နေ
ဆန်ကို ပြည်ပသို့တရားဝင်တင်ပို့ရန် ခွင့်ပြုပေး ထားပြီး ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင် စသည့် ပင်လယ်ဆိပ်ကမ်းများမှ တင်ပို့ခြင်းဖြင့် ဆိပ်ကမ်း လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးအတွက် ရထားပို့ဆောင်ရေးနှင့် မြစ်ကြောင်း ပို့ဆောင်ရေးများဖြင့် ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားလမ်းများ ကောင်းမွန်စေရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊
အလားတူ လမ်းများအားလုံး ချောမွေ့ကောင်းမွန်နေ စေရေး အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း လူသား အရင်းအမြစ်များ လိုအပ်ချက်ရှိကြောင်း၊ မိမိတို့ နိုင်ငံရှိ အလုပ်လုပ်ကိုင်နိုင်သူ ၄ သန်းနှင့် ၅ သန်း ခန့်သည် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်နေမှုများရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ယန္တရားများ ပိုမိုအသုံးပြုဆောင်ရွက် ရန်လိုအပ်သဖြင့် ပြည်တွင်း၌ရှိပြီး အခြေခံစက်ရုံ များမှ လယ်ယာသုံးယန္တရားများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ပမှတင်သွင်းမှုများ ကိုလည်း လိုအပ်ချက်များအပေါ် မူတည်၍ ခွင့်ပြု ပေးထားကြောင်း ပြောကြားသည်။
One Region One Product
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအလိုက် အဓိက ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ် လုပ်မှုများကို အားပေးဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် “နောက်တစ်ခုက MSME နဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေ၊ ဖွဲ့စည်းမှု တွေ ပြန်လည်လုပ်ဖို့လိုသလို တစ်ဖက်ကလည်း အဓိကကျတဲ့ ခရိုင်တွေ၊ ပြည်နယ်နဲ့ တိုင်းတွေမှာ MSME တွေ ပီပီပြင်ပြင်နဲ့ အလုပ်လုပ်နိုင်ဖို့လိုတယ်။ ရုံးလုပ်ငန်းနဲ့ အချိန်ကုန်နေလို့ မရဘူး၊ ကုန်ထုတ်လုပ် မှုတွေ ကျွန်တော်တို့သွားရမယ်။ အဓိကကျတဲ့ ခရိုင်၊ ပြည်နယ်နဲ့တိုင်း မြို့ကြီးတွေအားလုံးက MSME တွေရှိရမယ်။ ခရိုင်အဆင့်တွေမှာလည်း အဓိက ထုတ်ကုန်ပစ္စည်းရှိတဲ့ ခရိုင်တွေမှာ One Region One Product တွေ လုပ်ရမယ်။ ဒေသအလိုက် ဒေသ အလိုက်မှာ၊ ခရိုင်ပေါင်း ၁၂၀ ကျော် ရှိတယ်။ ပစ္စည်း ပေါင်း၊ အမျိုးပေါင်း ၁၂၀ ကျော်လောက်က ကောင်းနေ ရမယ်။ ဥပမာ-ပခုက္ကူဆို ချည်ထည်ပစ္စည်းတွေ ကောင်းရမယ်။ ဥပမာပြောပြတာ ချည်ထည်ပစ္စည်းမှာ ပခုက္ကူဆို နံပတ်တစ် အကောင်းဆုံးဖြစ်နေရမယ်။ တစ်နေ့ကဆိုလည်း ကျွန်တော်တို့ဒီမှာ အပြည်ပြည် ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တုန်းက စောင်တွေ၊ ချည်ထည်တွေ ပြပါတယ်။ ပခုက္ကူက တော်တော်ကို ကောင်းတာ သွားတွေ့တယ်။ ဒါကတော့ ကျွန်တော်မြင်ရတဲ့ဟာ၊ မမြင်ရတဲ့ဟာလည်း ရှိရင် ရှိမှာပေါ့။ တစ်နေ့က ပြည်မှာဆိုလို့ရှိရင် အင်းမပုဆိုး၊ တော်တော့်ကို ကောင်းတာ တွေ့တယ်။ တော်တော်ကောင်းတဲ့ပုဆိုး ပဲ။ ဒါမျိုးတွေသာ လုပ်လိုက်ရင် သိပ်ကောင်းမှာပဲလို့ အားပေးတယ်။ ဘယ်နေရာကတော့ ပဲနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကောင်းတယ်။ ဘယ်နေရာကတော့ ဆန် နဲ့ပတ်သက်တဲ့ပစ္စည်းတွေ ကောင်းတယ်။ ဘယ်နေရာ ကတော့ ဝါးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကောင်းတယ်၊ ဘယ်နေရာကတော့ သတ္တုနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ကောင်းတယ်။ One Region One Product ဒီလိုမျိုး တွေနဲ့ နိုင်ငံမှာ ထုတ်ကုန်ပစ္စည်းထုတ်မယ်ဆို ဒါတွေ လည်း တစ်ဖက်ကလည်း ကုန်ထုတ်လုပ်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ အဲ့ဒါတွေနဲ့လည်း တစ်ချိန်ကျ ရင် Tourist Attraction လည်း ဖြစ်လာမယ်” ဟု ပြောကြားသည်။
ဒေသများဖွံ့ဖြိုးတိုးတက်ရေး
ဝိုင်းဝန်းဆောင်ရွက်
ဆက်လက်ပြီး တစ်နိုင်ငံလုံးရှိ ဒေသများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဒေသများအလိုက် ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်၍ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဝန်ကြီးဌာနများ အလိုက် ဝန်ထမ်းများအထက်အောက် ခင်မင်ရင်းနှီး စွာဖြင့် နေထိုင်ပြီး မိသားစုဆက်ဆံရေးပုံစံဖြင့် နေထိုင်ကြရန်လိုကြောင်း၊ လက်အောက်ကိုစေတနာ ထားပြီး နွေးထွေးသည့် ဆက်ဆံရေးကို တည်ဆောက် ၍ ဆောင်ရွက်မည်ဆိုပါက အပြန်အလှန် နားလည် မှုများရရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန် အောင်မြင်လာမည်ဖြစ်ကြောင်း။
ဘဏ္ဍာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ချွေတာသုံးစွဲလျက်ရှိကြောင်း၊ ရရှိသည့် ဘတ်ဂျက် ငွေများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်အောင် သုံးစွဲလျက်ရှိပြီး ဝန်ကြီးဌာနများမှ အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲမှုမရှိသည့် ငွေများ ကို ပြန်လည်အပ်နှံစေလိုကြောင်း၊ ဝန်ကြီးဌာနများ အားလုံးအနေဖြင့် ဘဏ္ဍာငွေများကို သုံးသင့်သုံးထိုက် သည့် နေရာများတွင်သာ သုံးစွဲကြစေလိုပြီး ငွေများ အကျိုးမဲ့ ကုန်ကျမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ရငွေပိုင်း၌ ဘဏ္ဍာရေးနှစ်အလိုက် ရသင့်ရထိုက် သည်များရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများရှိသော ဝန်ကြီး ဌာနများအနေဖြင့် တတ်နိုင်သမျှ အရှုံးမရှိစေဘဲ Budget balance ဖြစ်ရန်နှင့် ဖြစ်နိုင်ပါက အမြတ် ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများတွင် သတင်းပို့ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန အလိုက် အရေးယူဆောင်ရွက်ပေးရမည့် ကိစ္စရပ် များကို အချိန်နှင့်တစ်ပြေးညီ ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ချက်ချင်းဖြည့်ဆည်း ဆောင် ရွက်ပေးရမည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အချိန်ယူ၍ ဆောင်ရွက်ပေးသွားရမည့် ကိစ္စရပ်များကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ မြေကို အကျိုး ရှိစွာ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးမြေများ မပျက်စီး စေရန်နှင့် လှပ်မြေများ မရှိရန် လိုအပ်ကြောင်း၊ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို သီးထပ်၊ သီးညှပ် စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်ခြင်းဖြင့် တိုင်းပြည်ဝင်ငွေရရှိပြီး စီးပွားရေးကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးအတွက် လိုအပ်သည့်ရေကို မြစ်ရေတင်လုပ်ငန်း များဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်လိုပါက စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။
စက်မှုဇုန်မြေနေရာများသည် စက်မှုလုပ်ငန်းများ အတွက် အဓိကထား ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ အိမ်ရာစီမံကိန်းများ မပါဝင်ရန်လိုအပ်ကြောင်း၊ ယင်း တို့ ပါဝင်လာပါက စက်မှုဇုန်စီမံအုပ်ချုပ်မှုကိစ္စများ ရှုပ်ထွေးလာနိုင်ကြောင်း၊ စက်မှုဇုန်နှင့် စက်မှု ရပ်ကွက်မှာ တူညီမှုမရှိကြောင်း၊ စက်မှုဇုန်တွင် စက်မှု ကုန်ထုတ်လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း။
တိုင်းပြည်အားသည် ပြည်တွင်း၌သာရှိကြောင်း၊ ပြည်တွင်းအားဖြင့် ဆောင်ရွက်ကြရာတွင် ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် Check list ဖြင့် စစ်ဆေးကြပ်မတ်နေရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း၊ လက်အောက်ဝန်ထမ်းများကိုလည်း မိသားစုသဖွယ် နွေးထွေးစွာ ဆက်ဆံရန်လိုကြောင်း၊ အချို့အားနည်း ချက်များ ရှိနိုင်မည်ဖြစ်သော်လည်း ရိုးရိုးသားသား လုပ်ကိုင်နေသူများကို လက်တွဲခေါ်ဆောင်ရန် လိုအပ် ကြောင်း၊ လက်အောက်မှ အချို့သော အကြံပြုချက် များကိုလည်း ရယူရန်လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင် လာနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်