
[ ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်) စနေနေ့]
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမအစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အရှင်မြတ်တို့ဘုရား-
ဆရာတော်အရှင်မြတ်တို့သည် မိမိတို့၏ ကျန်းမာရေး၊ ကျင့်ကြံ ရေး စသောကိုယ်ရေးကိုယ်တာကိစ္စ၊ ကျောင်းတိုက်ကိစ္စ စသည်တို့ အတွက် ငဲ့ကွက်ခြင်းမရှိဘဲ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီး၏ ပင်မလုပ်ငန်းများဖြစ်သည့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွား ရေးကို အလေးဂရုပြုကာ ကာယစိတ္တနှစ်ဝအညီ သာမဂ္ဂီပေး၍ ကြွရောက်တော်မူလာကြသောကြောင့် အားတက်ရွှင်လန်းဝမ်းမြောက် ရပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
၁၃၄၂ ခုနှစ်၊ နယုန်လ၊ ၁၉၈၀ ပြည့်နှစ်၊ မေလတွင် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိခဲ့သဖြင့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ ယင်းအစည်းအဝေး ကြီးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ထိုအစည်းအဝေးကြီး ၏ အကျိုးဆက်အနေဖြင့် ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီးကို အခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းနိုင်ခဲ့၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ရာတွင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူကိုလည်း ချမှတ်နိုင်ခဲ့ပါ သည်ဘုရား။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သြဝါဒါ စရိယအဖွဲ့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ရပ်/ကျေးသံဃ နာယကအဖွဲ့များ၊ နိုင်ငံတော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် ဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသော ဦးတည် ချက်ဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြ သည်မှာ ပထမသက်တမ်းမှသည် အဋ္ဌမသက်တမ်းလက်ထက်သို့ပင် ဝင်ရောက်လာပြီဖြစ်၍ နှစ်ပရိစ္ဆေဒအားဖြင့် ၄၂ နှစ်တိုင်ခဲ့ပြီဖြစ်ပါ သည်ဘုရား။ သံဃာ့အဖွဲ့အစည်း၏ သက်တမ်းသတ်မှတ်ရာ၌ ပထမ အကြိမ်မှ တတိယအကြိမ်အထိ ၅ နှစ်သက်တမ်းသတ်မှတ်ခဲ့ပြီး စတုတ္ထအကြိမ်မှစ၍ ၆ နှစ်သက်တမ်း သတ်မှတ်ခဲ့ပါသည်။ သံဃ နာယကဆရာတော် တစ်ပါးသည် သံဃာ့အဖွဲ့အစည်း သက်တမ်း အကြိမ်အားဖြင့် ၆ နှစ် (၂)ကြိမ် ဆောင်ရွက်ခွင့်ရှိသဖြင့် ၁၂ နှစ် သက်တမ်းထမ်းဆောင်ခွင့်ရှိပါသည်။ ၂၅% (ရာခိုင်နှုန်း)မူအရ ၃ နှစ် တစ်ကြိမ် ၄ ချိုး ၁ ချိုး အနားယူ အစားထိုးပြုလုပ်စဉ်ကလည်း ၁၂ နှစ် သက်တမ်းရှိခဲ့ပါသည်။
ဤသို့ သံဃနာယကအဖွဲ့အဆင့်ဆင့်တို့ အားသစ်လောင်းတာဝန် ယူခဲ့ကြရာ ၂၀၂၂ ခုနှစ်တွင်လည်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တို့ အနားယူအစားထိုးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါသည်ဘုရား။
ထိုသို့ ဆောင်ရွက်ကြရာ၌ ရှေးရှေးဒီဃဒဿီဆရာတော်ကြီးများ ရေးဆွဲ ပြဋ္ဌာန်းခဲ့သောမူကို အခြေခံလျက် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညှိနှိုင်းရေးဆွဲခဲ့သော သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့် အနားယူအစားထိုးခြင်းဆိုင်ရာ လုပ်ငန်းစီမံချက် အတိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်ဘုရား။ အစားထိုးရွေးချယ်ရာတွင်လည်း သံဃာ့အဖွဲ့အစည်းကြီး သန့်ရှင်း တည်တံ့ပြန့်ပွားရေးဖြစ်သည့် ဝိနိစ္ဆယရေးရာ သာသနာရေးရာ ပညာ ရေးရာကိစ္စအဖြာဖြာကို စိတ်ပါဝင်စား၍ စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ကြသည့် ဗျတ္တ၊ ပဋိဗလပုဂ္ဂိုလ်များဖြင့် အစားထိုးနိုင်ခဲ့ကြသည်ဟု ယုံကြည်ပါသည်ဘုရား။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံကြသည့် သံဃနာယကဆရာတော်တို့သည် အံ့ဖွယ်ရှစ်ဖြာနှင့် ပြည့်စုံသည့် ဘုရားရှင်၏ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမည်ဟု ယုံကြည်လျက် အားတက်ရပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဥပေါသထသုတ်တော်၌ ဘုရား ရှင်က သာသနာတော်၏ အံ့ဖွယ်တော်ရှစ်ဖြာကို မဟာသမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ဖြာနှင့် ပမာထားကာ နှီးနှောဟောကြားတော်မူခဲ့ပါသည်ဘုရား။ အံ့ဖွယ်ရှစ်ဖြာကို “အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဖွယ် ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း၊ မယွင်း မတိုး၊ ငံမျိုးရသာ၊ များရတနာနှင့်၊ ကြီးသူနေရာ၊ ဤရှစ်ဖြာသည်၊ မဟာသမုဒ္ဒရာအံ့ဖွယ်တည်း”ဟူသော လင်္ကာဖြင့် အကျဉ်းမှတ်သားနိုင်ပါသည် ဘုရား။
“အစဉ်နက်ဝှမ်း” ဟူသည် မဟာသမုဒ္ဒရာ၏ ရေပြင်မှာ ကမ်းမှ စ၍ တဖြည်းဖြည်း နက်ရှိုင်းသွားရသည်။ ကမ်းအစ၌ နက်ရှိုင်းရိုးမရှိ။ ဘုရားရှင်၏ သာသနာတော်တွင်လည်း မဂ်ဖိုလ်နိဗ္ဗာန် ရောက်အောင် ကျင့်ကြံသူသည် သီလ၊ သမာဓိ၊ ပညာ သိက္ခာတို့ကို အစဉ်အတိုင်းသာ ကျင့်ကြံရသည်။ တစ်ခါတည်း အရဟတ္တဖိုလ်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါ။
“ကမ်းကို မလွန်” ဟူရာ၌ မဟာသမုဒ္ဒရာရှိ ရေတို့သည် ကမ်းကို မလွန်မူ၍ တည်ရှိသကဲ့သို့ ဘုရားရှင်၏ တပည့်သား ဘိက္ခု၊ ဘိက္ခုနီ တို့သည် ဘုရားရှင် ပညတ်တော်မူခဲ့သည့် သိက္ခာပုဒ်တို့ကို ကျူးလွန် ခြင်းမပြုကြကုန်။
“ရွံဖွယ် ဆယ်ပစ်”ဟူသည် မဟာသမုဒ္ဒရာအတွင်း ရွံရှာဖွယ် သူသေ အလောင်းတို့ကို သမုဒ္ဒရာသည် ကြာရှည်စွာလက်မခံ၊ ကမ်းပေါ်သို့ အလျင်အမြန်ပြန်ပို့သည့်နည်းတူ ဗုဒ္ဓသာသနာတော်ဝယ် သီလမရှိ၊ ယုတ်မာသော အကျင့်ရှိသူ၊ ရဟန်းမဟုတ်သူတို့ကို သီလဝန္တရဟန်းတို့ က အာမိသသမ္ဘောဂ၊ ဓမ္မသမ္ဘောဂအဖြစ် ပေါင်းသင်းဆက်ဆံခြင်းမပြု၊ အလျင်အမြန် ဖယ်ရှား သုတ်သင်နှင်ထုတ်ပစ်၏။
“တစ်မည်ဖြစ်ခြင်း” ဟူသည် ဂင်္ဂါ၊ ယမုနာ ၊ အစိရဝတီ၊ သရဘူ၊ မဟီ ဤမည်သော မြစ်ကြီးငါးသွယ်တို့သည် မဟာသမုဒ္ဒရာသို့ စီးဝင် ပြီးသောအခါ မိမိတို့မူရင်းမြစ်အမည်တို့ ကင်းပျောက်ကာ မဟာ သမုဒ္ဒရာဟူသော အမည်တစ်မျိုးကိုသာ ခံယူကြရ၏။ ထိုနည်းတူစွာ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူသော အမျိုးလေးပါးတို့သည် ဘုရားရှင်၏ ဗြဟ္မစရိယ သာသနာတော်သို့ ရှင်ရဟန်းအဖြစ် ဝင်ရောက်ကြပါက မိမိတို့၏ မူလအမျိုးအနွယ်အမည်တို့ ကွယ်ပျောက် ကြကာ သာကီဝင်မျိုးရိုး ဘုရားသားတော် ရဟန်းများအမည်ကိုသာ ခံယူကြရပါသည်။
“မယွင်းမတိုး”ဟူရာ၌ ကမ္ဘာမြေအရပ်မျက်နှာအသီးသီးမှ မြစ်များ သည် သမုဒ္ဒရာသို့ စီးဆင်းကြ၏။ ကောင်းကင်အရပ်မှ မိုးရေအလျဉ် များ ရွာချ၏။ ထိုစီးဝင်သော ရေ၊ ရွာချသောမိုးရေတို့ကြောင့် မဟာ သမုဒ္ဒရာအတွက် ရေများ နည်းပါးယုတ်လျော့သွားခြင်း၊ ရေများတိုးပွား လာခြင်းများမဖြစ်ပေ။ ထိုကဲ့သို့ပင် ဘုရားရှင်၏ တပည့်သာဝက အဆက်ဆက်တို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရ၍ ပရိနိဗ္ဗာန်ပြု ကြသော်လည်း အငြိမ်းဓာတ် နိဗ္ဗာနသုခအရပ်၌ ယုတ်လျော့သွားသည်၊ တိုးပွားလာသည်ဟု ထင်မှတ်နိုင်ခြင်း မရှိပါ။
“ငံမျိုးရသာ” ဟူသည် ကျယ်ပြောလှသည့် မဟာသမုဒ္ဒရာအတွင်း အငန်ဓာတ်ဆားအရသာတစ်ခုတည်းရှိသကဲ့သို့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ဖြင့် အကျယ်တဝင့် မိန့်ကြားတော်မူခဲ့သော ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည်လည်း သံသရာဝဋ်မှ ထွက်မြောက်ခြင်းရသ တစ်ခုသာရှိသည်ဟု ဆိုလိုပါသည်ဘုရား။
“များရတနာ” ဟူသည် မဟာသမုဒ္ဒရာ၌ ပုလဲ၊ ပတ္တမြားစသော ရတနာ ၁၀ ပါးကိန်းဝပ်သကဲ့သို့ ဘုရားရှင်သာသနာတော်တွင်လည်း သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါးစသော မြောက်မြား လှစွာသော ရတနာတို့ ရှိကြပါသည်ဘုရား။
“ကြီးသူနေရာ” ဟူရာ၌ မဟာသမုဒ္ဒရာသည် ယူဇနာတစ်ရာ့ နှစ်ဆယ် စသည့် ပမာဏရှိသော တိမိ၊ တိမိင်္ဂလစသော သတ္တဝါကြီး တို့၏ စံပျော်ရာနေရာဖြစ်သကဲ့သို့ ဘုရားရှင်၏သာသနာတော်သည် လည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များ၊ ထိုပုဂ္ဂိုလ်များဖြစ်ရန် ကျင့်ကြံနေကြသော ပုဂ္ဂိုလ်များသာ မွေ့လျော် နိုင်သည့်နေရာ ဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
ဘုရားတပည့်တော် လျှောက်ထားလိုသည်မှာ အံ့ဖွယ်တော်ရှစ်ဖြာ နှင့် ပြည့်စုံတော်မူသည့် သာသနာတော်မြတ်ကြီးကို အစဉ်တစိုက် ထိန်းသိမ်းကြရမည်မှာ ဘုရားရှင်၏တပည့်သာဝကများ၏ တာဝန်သာ ဖြစ်ပါသည် ဘုရား။ တတိယအံ့ဖွယ်ဖြစ်သည့် ဒုဿီလ အညစ်အကြေး များကို သာသနာတော်အတွင်းမှ ဖယ်ရှားရှင်းလင်းနိုင်ရန် သာသနာ တော်အတွက် စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်ကြမည့် ဗျတ္တပဋိ ဗလနှင့် ပြည့်စုံသည့် သံဃနာယက ဆရာတော်များ များစွာလိုအပ်ပါ သည် ဘုရား။ စတုတ္ထအံ့ဖွယ်ဖြစ်သည့် မည်သည့် အမျိုးအနွယ်က ရဟန်းပြုခဲ့သည်ဖြစ်စေ၊ သာကီမျိုး သာကီနွယ်ဘုရားသားတော် ရဟန်းတော်ဟုသာ အမည်ခံရမည်ဖြစ်ရာ ဘုရားတပည့်တော်တို့ ခေတ်တွင်မူ တိုင်းဒေသကြီး/ ပြည်နယ်များမှဖြစ်စေ၊ သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်းတွင် တရားဝင် ခွင့်ပြုထားသည့် သံဃာ့ ဂိုဏ်းကြီး ၉ ဂိုဏ်းမှဖြစ်စေ၊ တိုင်းအလိုက်၊ ဂိုဏ်းအလိုက် မခွဲခြားမူ၍ အယူဝါဒတူမျှသောဘုရားသားတော် ရဟန်းတော်များအဖြစ် ညီတော် နောင်တော်များ တော်စပ်ကြသည်ဖြစ်ရာ သမဂ္ဂသမ္မောဒမာန ဖြစ်ကြ ပြီး သာသနာတော်ကြီးကို ထိန်းသိမ်းကြရမည်ဖြစ်ပါသည်ဘုရား။
ဆဋ္ဌအံ့ဖွယ်ဖြစ်သည့် ဘုရားရှင်၏ ဒေသနာတော်များသည် ဝေနေ ယျဇ္ဈာသယ၊ ပုဂ္ဂလဇ္ဈာသယအားလျော်စွာ မည်သို့ပင်အကျယ် ဟောကြားထားသော်လည်း တစ်ခုတည်းသော ရသမှာ ဝိမုတ္တိရသသာ ဖြစ်ပါသည်။ ဘုရားသားတော် ညီတော် နောင်တော်များဖြစ်ကြသော တပည့်တော်တို့အနေဖြင့် အံ့ဖွယ်တော်ရှစ်ဖြာနှင့် ပြည့်စုံသည့် သာသနာတော်မြတ်ကြီးကို အရှည်ခန့် တည်တံ့စေရေးကာကွယ် စောင့်ရှောက်ကြရမည့် အရေးအကြီးဆုံး တာဝန်တစ်ရပ်မှာ ယင်း ဝိမုတ္တိရသကို ရရှိရန် အားထုတ်နိုင်ရေးပင်ဖြစ်ပါသည် ဘုရား။
သို့ဖြစ်၍ သံဃနာယကအဖွဲ့ဝင်အရှင်မြတ်တို့အနေဖြင့် အံ့ဖွယ် ရှစ်ဖြာနှင့်ပြည့်စုံသော ဘုရားရှင်၏သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ပြန့်ပွားရေးကို ညီညီညွတ်ညွတ် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း လျှောက်ထားအပ်ပါ သည်ဘုရား။ မြတ်ဗုဒ္ဓ၏ အံ့ဖွယ်တော်ရှစ်ဖြာ သာသနာတော်လာအင်္ဂါရပ် တို့ကို ဆင်ခြင်ပွားများ နှလုံးထားကာ ဝိမုတ္တိရသဆီ ကိုယ်တိုင်လည်း ဆိုက်ရောက်အောင် တပည့်သာဝက ဒါယကာ ဒါယိကာမတို့ကိုလည်း ဆိုက်ရောက်စေနိုင်အောင် ကိုယ်တိုင်လည်း အားထုတ်၊ တပည့် အပေါင်းတို့ကိုလည်း အားထုတ်ရန် တိုက်တွန်းပေးတော်မူကြပါဟု လျှောက်ထားလျက် တပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်အပ်ပါသည် အရှင်မြတ်တို့ဘုရား။ ။