အာရှပစိဖိတ် ICT ပြိုင်ပွဲ(APICTA)တွင် ပါဝင်ယှဉ်ပြိုင်ရန် ကွန်ပျူတာအသင်းချုပ်က ဖိတ်ခေါ်ထား

ရန်ကုန်  အောက်တိုဘာ  ၁၃


နှစ်စဉ်ကျင်းပသော Asia Pacific ICT Alliance (APICTA)ပြိုင်ပွဲကို ယခုနှစ်တွင် Virtual ပြိုင်ပွဲအနေဖြင့် ကျင်းပနေပြီဖြစ်ရာ ပါဝင်ယှဉ်ပြိုင် လိုသည့် မြန်မာနိုင်ငံမှ နည်းပညာလုပ်ငန်းများနှင့် ဝါသနာရှင်များ အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဖိတ်ခေါ်ထားသည်။


ပြိုင်ပွဲတွင် အဓိက ပြိုင်ပွဲအမျိုးအစားများအနေဖြင့် Head Cate-gories, Cross Categories နှင့် Technology Awards ဟု သုံးမျိုးခွဲခြား ထားပြီး  Head  Categories တွင် Consumer,  Inclusion and  Community Services,  Industrial,  Business Services, Public Sector and  Government  ဟု ခေါင်းစဉ်ခွဲငါးခု ပါဝင်သည်။ Cross Categories တွင် Start Up နှင့်  Research & Development ဟု ခေါင်းစဉ်ခွဲနှစ်ခု ပါဝင်ပြီး  Technology Awards တွင် Artificial Intelligence(AI),  Internet  of  Things(IoT)နှင့် Big Data ဟု ခေါင်းစဉ်ခွဲသုံးခု ပါဝင်သည်။ 


ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များသည် Head Categories မှ ခေါင်းစဉ်ငါးခုတွင်သာ အဓိက ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးမှာ အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာဖြစ်သည်။ Head Categories တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အကြောင်းအရာသည် Cross Categories နှင့်  Technology Awards  အမျိုးအစားများမှ ခေါင်းစဉ်ခွဲများနှင့် ကိုက်ညီပါက အဆိုပါ အမျိုးအစားနှစ်ခုတွင်လည်း တစ်ဆက်တည်း   ယှဉ်ပြိုင်နိုင်ပြီး   အမျိုးအစားတစ်ခုစီတွင်  ထပ်မံ ယှဉ်ပြိုင်ခြင်းအတွက် ဝင်ကြေး ၂၅ ဒေါ်လာစီ ထပ်မံပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ 


ပြိုင်ပွဲဝင်ရောက်မည့်သူများအား အောက်တိုဘာ ၂၅ ရက်အထိ လက်ခံမည်ဖြစ်ကာ ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ပြိုင်ပွဲဆိုင်ရာအီးမေးလ်  ictcompetition@gmail.com သို့ ယင်းနေ့နောက်ဆုံးထား၍ သတင်းပေးပို့ လျှောက် ထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က လျှောက်လွှာ ကို   APICTA   ပြိုင်ပွဲသို့   ပေးပို့လျှောက်ထားနိုင်ရန်  ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ 


ပြိုင်ပွဲဝင်သူများ၏ ပရော့ဂျက်များကို နိုဝင်ဘာ ၁၂ မှ ၂၉ အတွင်း ပထမအဆင့် ရွေးချယ်၍ ဒီဇင်ဘာ ၈ မှ ၁၁ အတွင်း ဒုတိယအဆင့် ရွေးချယ်ကာ ဒီဇင်ဘာ ၁၅ ရက်တွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဆုအဖြစ်   ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်(Certificate)ကို ပေးအပ်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအကြောင်းနှင့် လျှောက်ထားရမည့်ပုံစံ အသေးစိတ်ကို https://apicta.org/apicta-awards/ တွင်  ဝင်ရောက် ဖတ်ရှုနိုင်ကြောင်း သိရသည်။ 


အာရှပစိဖိတ်ဒေသအတွင်း မြန်မာနိုင်ငံ၏ အိုင်စီတီထုတ်ကုန်များ ထိုးဖောက်နိုင်ရန်၊   နည်းပညာတီထွင်ဆန်းသစ်မှုများ  မြှင့်တင်ရန်၊ စွမ်းရည်မြှင့်တင်ရန်နှင့်    အသုံးချရန်၊   နိုင်ငံတကာဈေးကွက်တွင် ဆန်းသစ်သည့် ICT Solution များပေါ်ထွက်လာအောင် အားပေးကူညီ ရန်နှင့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကွန်ရက် တည်ဆောက် ရန် ရည်ရွယ်ချက်များဖြင့်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် APICTA တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။                  

ကိုစိုး