
မွမ်ဘိုင်း ဖေဖော်ဝါရီ ၂၄
အာရှဆန်ဈေးကွက်၌ အဓိကတင်ပို့သည့်နိုင်ငံများမှာ ဗီယက်နမ်၊ ထိုင်းနှင့် အိန္ဒိယတို့ဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ဈေးနှုန်းသက်သာ သည့် အိန္ဒိယဆန်မှာ အရောင်းအဝယ် ပိုမိုဖြစ်ထွန်းလာခဲ့ပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းလာလျက်ရှိသည်ကို မြင်တွေ့ရသည်။
ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းဆန်သိုလှောင်မှုလက်ကျန် အားနည်း နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဗီယက်နမ်မှ ပြည်ပ သို့ ဆန်တန်ချိန် ခြောက်သန်းတင်ပို့မည်ဟု သိရသည်။ ငါးရာခိုင်နှုန်း ဆန်ကွဲပါ ဗီယက်နမ်ဆန်အမျိုးအစားမှာ ယခင်သီတင်းပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ခေါ်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၅ မှ ၄၆၀ ရှိသည်။
ထိုင်းဆန်မှာမူ ယခုသီတင်းပတ်အတွင်း ဘတ်ငွေဈေးနှုန်း ကျဆင်းမှုကြောင့် ဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းလာခဲ့ပြီး အရောင်းအဝယ်လည်း အေးလျက်ရှိသည်။ ငါးရာခိုင်နှုန်း ဆန်ကွဲ ပါ ထိုင်းဆန်သည် ယခင်အပတ်က ခေါ်ဈေးတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၀ မှ ၄၉၀ ကြားရှိခဲ့သော်လည်း ယခုသီတင်းပတ်တွင် အမေရိကန်ဒေါ်လာ ၄၆၀ မှ ၄၆၅ ကြားသာ ရှိသည်။
ဈေးနှုန်းသက်သာသည့် အိန္ဒိယဆန်
အိန္ဒိယဆန်မှာမူ နှစ်နှစ်တာအတွင်း ဈေးနှုန်းအမြင့်ဆုံးအခြေအနေ တွင်ရှိပြီး ငါးရာခိုင်နှုန်းဆန်ကွဲပါ အိန္ဒိယပေါင်းဆန်အမျိုးအစားမှာ ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေပြီး ခေါ်ဈေးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၅ မှ ၄၀၂ အထိ ရှိကာ အဝယ်လိုက်နေဆဲ ဖြစ်သည်။ တရုတ်နှင့် အင်ဒိုနီးရှားတို့က အရန်ဆန်သိုလှောင်ရန် စိတ်အားထက်သန်နေချိန်တွင် ထိုင်းနှင့် ဗီယက်နမ်ဆန်များထက် ဈေးနှုန်းသက်သာသည့် အိန္ဒိယဆန်မှာ ဝယ်လိုအားမြင့်တက်လျက် ရှိကြောင်း သိရသည်။