
ရန်ကုန် စက်တင်ဘာ ၁၃
မြန်မာ ယူ-၂၃ အသင်းသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင်ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ် အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက် ယှဉ်ပြိုင်နေရပြီး မေလတွင် (၃၂) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့ရသလို သြဂုတ်လမှ စက်တင်ဘာလအတွင်း ပြိုင်ပွဲ သုံးခု ထပ်မံယှဉ်ပြိုင်နေရခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် သြဂုတ်လ တွင် အာဆီယံ ယူ-၂၃ ပြိုင်ပွဲ၊ ယခုလတွင် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ရက်ပိုင်းအကြာတွင် အာရှအားကစား ပြိုင်ပွဲ ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှအားကစားပြိုင်ပွဲ၏ အမျိုးသား
ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တို ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် အိမ်ရှင်တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာ အသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် တရုတ်အသင်း၊ စက်တင်ဘာ ၂၄ ရက် တွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဖိုက်အွန်ဘိုင်နာက ပြန်လည်ကိုင်တွယ်မည်ဖြစ်သည်။ ဖိုက်အွန်ဘိုင်နာသည် ပြီးခဲ့သည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့်အသင်းကို ကိုင်တွယ်ခြင်း မရှိဘဲ နီပေါအသင်းနှင့် ခြေစမ်းကစားသည့် မြန်မာ့ လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့ခြင်းဖြစ်သည်။ အာရှဖလား ယူ - ၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃ အသင်းကို ယာယီနည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်ခဲ့ခြင်း ဖြစ် သည်။ မြန်မာ ယူ-၂၃ အသင်းသည် တရုတ်နိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်မြို့၌ ရက်အနည်းငယ်ကြာ လေ့ကျင့်မည်ဖြစ်ပြီး အပြီးသတ်လူစာရင်း ထုတ်ပြန် မည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှအားကစား ပြိုင်ပွဲတွင် နှစ်အတန်ကြာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိရာမှ ၂၀၁၈ ခုနှစ်တွင် ပြန်လည်ယှဉ်ပြိုင်ပြီး နောက် နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ရဲရင့်လွင်