
ကဘူးလ် ဩဂုတ် ၂၃
အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ တပ်ဖွဲ့များက တာလီဘန်များကို ခုခံသွားမည်ဟု ပြောကြားခဲ့သည့် အတွက်တာလီဘန်များအနေဖြင့် တိုင်းပြည်တစ်ခု လုံးကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ မေးခွန်းဖြစ်လာသည်။ မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ အာမက်ရှာမစ်ဆော့ဒ်၏သားဖြစ်သူက မြောက်ပိုင်း ပြည်နယ် ပန်ဂျ်ရှီရာတွင် တာလီဘန်များကို ခုခံ ဆန့်ကျင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
အဆိုပါဒေသမှာ ယခုအချိန်တွင် တာလီဘန်များ ၏ထိန်းချုပ်မှုအောက်တွင် မရှိသေးပေ။ မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် ဘက်ကလန်ပြည်နယ်မှ ဒေသခံ တိုက်ခိုက်ရေးသမားများသည်လည်း တာလီဘန် များ သိမ်းယူထားသည့် ခရိုင်အချို့ကို တိုက်ခိုက်ကာပြန်လည်သိမ်းယူခဲ့သည်။
ထိုစဉ်တာလီဘန်များသည် အစိုးရသစ် ဖွဲ့နိုင် ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ ဩဂုတ် ၁၅ ရက်တွင် ဖြုတ်ချခံရသည့်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။ တာလီဘန်များထိန်းချုပ်ပြီးသည့်နောက်အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်း များ ပျောက်ပျက်သွားပြီဖြစ်ကြောင်း ကဘူးလ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိပ်သီး ဂျီခုနစ်နိုင်ငံများမှ နိုင်ငံခြားရေး အကြီးအကဲများသည် ဩဂုတ် ၁၉ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့် ပတ်သက်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တာလီဘန်များ အနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် စောင့်ဆိုင်း နေကြသည့် နိုင်ငံခြားသားများနှင့် အာဖဂန်နိုင်ငံသား များ၏ လုံခြုံစိတ်ချ ရရေးအတွက် အာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။ အင်န်အိတ်ချ်ကေ