နေပြည်တော် ဇူလိုင် ၁၉
(၇၅) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူ သွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြု သော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ပရိတ်တရားတော်များကို နာယူ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဧည့်ပရိသတ်များက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ် များက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ သံဝေဂကထာတရားနာယူကြပြီးအာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အတွက် အသက်ပေးလှူသွား ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ၁ မိနစ် ငြိမ်သက်ဂါရဝပြုကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်



