
နေပြည်တော် အောက်တိုဘာ ၂၇
(၁၁) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (ALAWMM)ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
လက်တွဲဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်စာတမ်းကို အလေးထားလိုက်နာပြီး ပဋိညာဉ်စာတမ်းပါ တာဝန် ရှိမှုများကို လေးစားလိုက်နာဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ဆောက်ခြင်း နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံသည် ALAWMM ၏ ဆောင်ရွက်မှုများတွင် တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြောင်း၊ (၁၉) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီး များအစည်းအဝေး (ASLOM) အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေ ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပေးပို့သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)များအပေါ် စိစစ်ခြင်းနှင့် ဥပဒေအကြံပေးခြင်းတို့ကို ဆောင်ရွက်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြုချက် ရရှိ ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်) အဖွဲ့အစည်းသည် မူကြမ်းများကို အစိုးရအဖွဲ့ အစည်းအဝေး၌ တင်ပြအတည်ပြုချက် ရယူရန် အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး ကော်မတီသို့ တင်သွင်းဆွေးနွေးရ ကြောင်း။
ပြောကြား
ထိုသို့တင်ပြ အတည်ပြုချက်ရယူပြီးနောက် အစိုးရအဖွဲ့ အစည်းအဝေးက အတည်ပြုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီသည် မူကြမ်းအား ဥပဒေအဖြစ် ထုတ်ပြန်ကြေညာကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနသည် တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှု “Providing Legal Service for Justice” (2020-2024) မဟာဗျူဟာစီမံကိန်းကို ရည်မှန်းချက်ပန်းတိုင် ငါးရပ်ဖြင့်လည်းကောင်း၊ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ပေးလျက်ရှိကြောင်း၊ ဥပဒေရေးရာ သတင်းအချက် အလက်များကို လွယ်ကူစွာ ရရှိနိုင်ရန်အတွက် Myanmar Law Information System (MLIS) website ကို တည်ထောင်ထားကြောင်း၊ အာဆီယံ ဥပဒေပညာရှင်များအသင်း(မြန်မာ)ကို ၂၀၂၁ ခုနှစ် တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် တရားရေးအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ်ဥပဒေ ပညာဌာနများမှ ပါမောက္ခများ ပါဝင်ကြောင်း ပြောကြားသည်။
ဆွေးနွေးခြင်းများ ပြုလုပ်
(၁၁) ကြိမ်မြောက် ALAWMM တွင် ASEAN Community Vision 2025 အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ အာဆီယံအဆင့်မြင့်ဥပဒေ အရာရှိကြီးများ (ASLOM)၏ တရားခံ လွှဲပြောင်းရေး သဘောတူစာချုပ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုလုပ်ငန်း များနှင့်စပ်လျဉ်း၍ ToR(Term of Reference) ရေးဆွဲမှုနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန် အလှန်အကူအညီပေးရေး သဘောတူစာချုပ်ကို အာဆီယံသဘောတူစာချုပ်အဖြစ် သတ်မှတ်၍ အာဆီယံပဋိညာဉ်စာချုပ် နောက်ဆက်တွဲ (၁) တွင် ထည့်သွင်းနိုင်မှုများကို အသိအမှတ်ပြုခြင်း၊ (၁၁)ကြိမ်မြောက် ALAWMM လုပ်ငန်း ဆောင်ရွက်ချက်များ အပေါ် ပြန်လည်သုံးသပ်ခြင်း၊ (၁၉) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်း အဝေး (ASLOM) အစီရင်ခံစာကို အတည်ပြုခြင်း၊ (၁၁) ကြိမ်မြောက် ALAWMM ၏ Joint Communique ကို အတည်ပြုခြင်း၊ ASLOM ကို တစ်နှစ်လျှင် တစ်ကြိမ် နှင့် ALAWMM ကို နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရန် အဆိုပြုမှုအပေါ် ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်း အဝေး(ASLOM) နှင့် (၁၂) ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများအစည်းအဝေး (ALAWMM)ကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်