
နေပြည်တော် နိုဝင်ဘာ ၂၅
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များ အဖွဲ့ချုပ် (ASEAN Federation of Accountants - AFA) နှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များအသင်း (Myanmar Institute of Certified Public Accountants -MICPA)တို့ ပူးပေါင်း၍ အင်ဒိုနီးရှားနိုင်ငံ၊ AFA အတွင်းရေးမှူးရုံးက ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင် များအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက်ညီလာခံသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံ စာရင်း ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း နာယက ပါမောက္ခ ဒေါက်တာ ကံဇော် ပါဝင်တက်ရောက်သည်။
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် လက်ရှိ AFA ဥက္ကဋ္ဌ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်း (Myanmar Institute of Certified Public Accountants-MICPA) ဥက္ကဋ္ဌ ဦးဝမ်းတင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပါမောက္ခ ဒေါက်တာကံဇော်က အထူးဧည့်သည်တော်အဖြစ် ကြိုဆိုနှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် AFA အစည်းအဝေးများကို ၂၀၀၃ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့်၂၀၁၉ ခုနှစ်များတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပသည့်အစဉ်အလာရှိခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် AFA ညီလာခံကို အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း။
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင် များအဖွဲ့ချုပ် AFA ၏ လမ်းညွှန်များနှင့် ကတိကဝတ် များသည် ဒေသတွင်း စည်းလုံးညီညွတ်သော စာရင်းကိုင်လုပ်ငန်း ဖြစ်ပေါ်စေရန် ပံ့ပိုးကူညီနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော စာရင်းကိုင်အဖွဲ့အစည်း များဖွဲ့စည်းနိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေပါကြောင်း၊ ထို့ပြင် AFA သည် နိုင်ငံတကာ စာရင်းကိုင်အဖွဲ့အစည်းများနှင့် အပြန် အလှန် အကျိုးတူပူးပေါင်း၍ အာမခံ၊ အကြံပေးခြင်း နှင့် စာရင်းကိုင်ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေး နိုင်ရန် ဒေသတွင်းနှင့် နိုင်ငံတကာကွန်ရက်ကို
ခိုင်မာစွာတည်ဆောက်ထားခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ဒီမိုကရေစီ အစိုးရလက်ထက် (၂၀၁၁-၂၀၁၆) ခုနှစ်မှစ၍
ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာစေရေးသာမက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများနှင့်အညီ ဖြစ်စေရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းအသိုက်အဝန်းတွင်ပါဝင်၍ ပြည်သူများ အတွက် အကျိုးကျေးဇူးရရှိရန် အကောင်းဆုံးကြိုးစားလျက်ရှိပါကြောင်း၊ အာဆီယံအသိုက်အဝန်းကို ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးတို့အတွက် အတူတကွပေါင်းစည်း၍ “မတူကွဲပြားမှုများမှ ညီညွတ်မှု” ပြယုဂ်အဖြစ် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
စာရင်းကိုင်စံများကို အဆင့်မြှင့်တင်ရန် AFA နှင့် အာဆီယံနိုင်ငံများ၏ စာရင်းပညာရှင်များ ပူးပေါင်းဆောင်ရွက်၍ အကျိုးရလဒ်များဖြစ်ထွန်းမှုကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် AFA ၏ ဖွံ့ဖြိုးမှုစီမံကိန်းများတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်ဆောင်ရွက်နိုင်ပြီး AFA နှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အာဆီယံအထွေထွေ အတွင်းရေး မှူးချုပ် Mr. Dato’ Paduka Lim Jock Hoi က အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းသည်။
ထို့နောက် ဆွေးနွေးပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပခဲ့ရာ အနာဂတ်ကာလအတွက် ဘဏ္ဍာရေး အစီရင်ခံစာပြုစုတင်ပြခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် ပုံစံများနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအဖွဲ့ (IFRS Foundation)မှ Mr. Masamichi Kono, Trustee နှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ နည်းပညာ ဆိုင်ရာကျွမ်းကျင်မှုနှင့် အရည်အချင်းများကို တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ စင်ကာပူ ချာတာ စာရင်းကိုင်များအသင်း (Institute of Singapore Chartered Accountants)မှ CEO-Designate
Ms. Fann Kor၊ မလေးရှားနိုင်ငံနှင့် ICAEW တို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ စာရင်းပညာရပ် ဆိုင်ရာ အခန်းကဏ္ဍ အရည်အသွေးမြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ ချာတာလက်မှတ်ရ စာရင်းကိုင်များ အသင်း (Association of Chartered Certified Accountants- ACCA) မှ Mr. Jamie Lyon နှင့် တောင်အာရှ စာရင်းကိုင်များအဖွဲ့၊ IFAC နှင့် AFA တို့မှ ကိုယ်စားလှယ်များက လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတကာ စာရင်းကိုင်များ အဖွဲ့ချုပ် (IFAC) ဥက္ကဋ္ဌ Mr. Alan Johnson က ဆွေးနွေးပွဲဆိုင်ရာ အနှစ်ချုပ်စကားပြောကြားသည်။
ယင်းနောက် အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ် (AFA) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ လက်ရှိဥက္ကဋ္ဌ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ဥက္ကဋ္ဌ ဦးဝမ်းတင်က ထိုင်းနိုင်ငံ Federation of Accounting Professions (FAP) ဥက္ကဋ္ဌ Mr. Voravit Janthanakul ထံသို့ AFA ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းအပ်နှင်းပြီး AFA ဥက္ကဋ္ဌအသစ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၏ လူမှု စီးပွားဘဝမြှင့်တင်မှုကို အထောက်အကူဖြစ်စေရေး အတွက် စာရင်းလုပ်ငန်းများကို မြှင့်တင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၇၇ ခုနှစ်တွင် အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ်ကို အမျိုးသားစာရင်း ပညာရှင်အဖွဲ့အစည်းငါးဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အာဆီယံ ၁၀ နိုင်ငံမှ အဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်ကစပြီး အာဆီယံဒေသတွင်း နိုင်ငံများအကြား အသိအမှတ် ပြုသဘောတူညီမှု (Mutual Recognition Agreement - MRA) တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် အာဆီယံဒေသအတွင်းရှိ အာဆီယံလက်မှတ်ရ စာရင်းပညာရှင် (ASEAN Certified Public Accountants - ACPA) ၅၆၉၇ ဦးတွင် မြန်မာနိုင်ငံမှ အာဆီယံလက်မှတ်ရ စာရင်းပညာရှင် ၄၇၇ ဦး ပါဝင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်