
နေပြည်တော် အောက်တိုဘာ ၂၇
(၁၁) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (ALAWMM)ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
ပြောင်းလဲပြင်ဆင်ဖွဲ့စည်း
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်စာတမ်းကို အလေးထားလိုက်နာပြီး ပဋိညာဉ်စာတမ်းပါ တာဝန် ရှိမှုများကို လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ဆောက်ခြင်း နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် ALAWMM ၏ ဆောင်ရွက်မှုများတွင် တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြောင်း၊ (၁၉)ကြိမ် မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM)အလှည့်ကျဥက္ကဋ္ဌ တာဝန် ကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဥပဒေရေးရာဖွံ့ဖြိုး တိုးတက်မှုများနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီး ဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေးပို့သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)များအပေါ် စိစစ်ခြင်းနှင့် ဥပဒေအကြံပေးခြင်းတို့ကို ဆောင်ရွက်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြုချက်ရရှိပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်) အဖွဲ့အစည်းသည် မူကြမ်းများကို အစိုးရ အဖွဲ့အစည်းအဝေး၌ တင်ပြအတည်ပြုချက်ရယူရန် အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီသို့ တင်သွင်းဆွေးနွေး ရကြောင်း။
ထိုသို့ တင်ပြအတည်ပြုချက်ရယူပြီးနောက် အစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီသည် မူကြမ်းအား ဥပဒေအဖြစ် ထုတ်ပြန်ကြေညာကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနသည် တရားမျှတမှုအတွက် ဥပဒေ ဝန်ဆောင်မှု “Providing Legal Service for Justice” (2020-2024) မဟာဗျူဟာစီမံကိန်းကို ရည်မှန်းချက်ပန်းတိုင် ၅ ရပ်ဖြင့် လည်းကောင်း၊ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ပေးလျက်ရှိကြောင်း၊ ဥပဒေရေးရာ သတင်းအချက် အလက်များကို လွယ်ကူစွာရရှိနိုင်ရန်အတွက် Myanmar Law Information System (MLIS) website ကို တည်ထောင်ထားပါကြောင်း၊ အာဆီယံ ဥပဒေပညာရှင်များအသင်း (မြန်မာ)ကို ၂၀၂၁ ခုနှစ် တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် တရားရေးအရာရှိ များ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ် ဥပဒေပညာဌာနများမှ ပါမောက္ခများ ပါဝင်ကြောင်း ပြောကြားသည်။
လက်ခံကျင်းပမည်
(၁၁) ကြိမ်မြောက် ALAWMM တွင် ASEAN Community Vision 2025 အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ အာဆီယံအဆင့်မြင့် ဥပဒေ အရာရှိကြီးများ (ASLOM)၏ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ToR(Term of Refen-ence) ရေးဆွဲမှုနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့မှု၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်ကို အာဆီယံသဘောတူစာချုပ်အဖြစ် သတ်မှတ်၍ အာဆီယံပဋိညာဉ်စာချုပ် နောက်ဆက်တွဲ ၁ တွင် ထည့်သွင်းနိုင်မှုများကို အသိအမှတ်ပြုခြင်း၊ (၁၁)ကြိမ်မြောက် ALAWMM လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် ပြန်လည်သုံးသပ်ခြင်း၊ (၁၉) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်း အဝေး (ASLOM) အစီရင်ခံစာကို အတည်ပြုခြင်း၊ (၁၁)ကြိမ်မြောက် ALAWMM ၏ Joint Communique ကို အတည်ပြုခြင်း၊ ASLOM ကို တစ်နှစ်လျှင် (၁) ကြိမ်နှင့် ALAWMM ကို နှစ်နှစ်လျှင် (၁)ကြိမ်ကျင်းပရန် အဆိုပြုမှုအပေါ် ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်း အဝေး(ASLOM) နှင့် (၁၂) ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများအစည်းအဝေး (ALAWMM)ကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်