
နေပြည်တော် နိုဝင်ဘာ ၂၈
အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပ သည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့သည်။
ကျွမ်းကျင်သူများ တက်ရောက်
(၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေ ညီလာခံသို့ အင်တာပိုလ်အဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၆၉ နိုင်ငံတို့မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ လုံခြုံရေးရာဝန်ကြီးဌာနများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရဲအဖွဲ့အကြီးအကဲများ ဦးဆောင် သည့် အဆင့်မြင့်အရာရှိကြီးများ၊ အင်တာပိုလ်မှ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang ၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock နှင့် အမှုဆောင်ကော်မတီဝင်များ နိုင်ငံတကာမှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက် ခဲ့ကြသည်။
ညီလာခံပထမနေ့တွင် ကမ္ဘာတစ်ဝန်း တစ်နေ့ တခြား ပုံစံမျိုးစုံဖြင့် တိုးတက်များပြားလာသော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှင့် ဆိုက်ဘာမှုခင်းများသည် နယ်နိမိတ်မရှိဘဲ ထိုးဖောက်ဝင်ရောက်လျက်ရှိသဖြင့် ရဲတပ်ဖွဲ့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက် မှုဖြင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရေး၊ အဆင့်မြင့်နည်းပညာအသုံးပြုနိုင်ရေး၊ မှုခင်းသတင်း အချက်အလက်ဖလှယ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်
ထို့နောက် သက်တမ်းကုန်ဆုံးသည့် အင်တာပိုလ် အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် ဒေသဆိုင်ရာ ကိုယ်စားလှယ် ၁၂ နေရာကို လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခန့်အပ်ခြင်းတို့တွင် မြန်မာ နိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၄ ချက်ကို အတည်ပြု
ညီလာခံဒုတိယနေ့တွင် WHO ဥက္ကဋ္ဌက Online မှ မိန့်ခွန်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို ဖြေရှင်းမည့် အစီအမံများ အတည်ပြုခြင်း၊ မိုက်ခရိုနီးရှား ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ (Federal State of Micronesia) အား အင်တာပိုလ်အဖွဲ့ဝင် နိုင်ငံအဖြစ် လျှောက်ထား မှုကို လျှို့ဝှက်မဲပေး၍ အတည်ပြုခြင်း၊ အင်တာပိုလ်၏ အုပ်ချုပ်မှုနှင့် သတင်းအချက်အလက်အသုံးပြုမှုပုံစံ များ၊ အမှုဆောင်ကော်မတီရွေးချယ်ခန့်အပ်ခြင်း၊ အင်တာပိုလ်မဟာဗျူဟာမူဘောင် ၂၀၂၂-၂၀၂၅၊ (၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၁၄ ချက်ကို အတည်ပြုခြင်းတို့ ပါဝင် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးဆုံးဖြတ်ခဲ့
ညီလာခံတတိယနေ့တွင် အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် အာရပ်ပြည်ထဲရေးဝန်ကြီး များအဖွဲ့(AIMC)၊ ကမ္ဘာ့တိရစ္ဆာန်များဆိုင်ရာ အဖွဲ့ အစည်း(OIE)၊ နိုင်ငံတကာရဲချုပ်များအသင်း (IACP) တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ် ညီလာခံ တက်ရောက်စဉ်အတွင်း အင်တာပိုလ် အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr.KIM Jong Yang၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock တို့ကို သီးခြားတွေ့ဆုံသည်။ ထို့အပြင် ၂၀၂၂- ၂၀၂၅ လေးနှစ်ရာထူးသက်တမ်းအတွက် အင်တာပိုလ် ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E. Mr. Ahmed Nasser Al Raisi ကို လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.Sergey N. Lebedev ၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ရဲတပ်ဖွဲ့များ အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး၊ မှုခင်းများတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ပြောကြား၍ အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း ဆောင်ရွက်ခဲ့သည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
(၈၉)ကြိမ်မြောက် အင်တာပိုလ်အထွေထွေ ညီလာခံတက်ရောက်၍ အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကဏ္ဍ များနှင့် မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ များ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်