(၇၅)  နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်    ဗိုလ်ရှုခံရင်ပြင်တွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

 

နေပြည်တော်   ဇန်နဝါရီ   ၃
(၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့   ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန  စုဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ    ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊  ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊  ဦးမောင်မောင်ဝင်း၊    ဦးထွန်းအုံ၊   ဦးအောင်ကျော်ထွန်း၊  ဦးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဦးမင်းထိန်၊  ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများ၊  အမြဲတမ်း အတွင်းဝန်များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ချီတက်အလေးပြုခဲ့ကြ
ရှေးဦးစွာ   ဂုဏ်ပြုအခမ်းအနား   ကျင်းပရေးကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  ၂၀၂၂ ခုနှစ်   ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို နေပြည်တော်၌   ဗိုလ်ရှုခံရင်ပြင်တွင် ကျင်းပမည် ဖြစ်ပါကြောင်း၊  လွတ်လပ်ရေးရပြီးနောက်ပိုင်း သမ္မတကြီး စဝ်ရွှေသိုက်၊    သမ္မတကြီး ဒေါက်တာ ဘဦးနှင့် သမ္မတကြီး မန်းဝင်းမောင်တို့    တာဝန်ထမ်းဆောင် ခဲ့ကြသည့်    သက်တမ်းကာလအတွင်း ဗိုလ်ရှုခံအခမ်းအနားများကို  ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ်  ဇန်နဝါရီ ၄ ရက်တွင်  ကျရောက်သည့် (၆၇) နှစ်မြောက်  လွတ်လပ်ရေးနေ့တွင်   ဗိုလ်ရှုခံအခမ်းအနားကို  တစ်ဖန်ပြန်လည်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပသည့် ရည်ရွယ်ချက်မှာ   နိုင်ငံတော်၏  အချုပ်အခြာအာဏာကို ဂုဏ်ယူအလေးအနက်ထားသောအားဖြင့်   မြန်မာနိုင်ငံရှိ   အဖွဲ့အစည်း ပေါင်းစုံက   နိုင်ငံတော်သမ္မတကြီးများအား      ချီတက်အလေးပြုခဲ့ကြ ခြင်း ဖြစ်ပါကြောင်း။
ယခုနှစ်  ကျင်းပမည့် (၇၅)  နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့ကို   ဂုဏ်ပြုသောအားဖြင့်   ဗိုလ်ရှုခံရင်ပြင်တွင်    စည်ကားသိုက်မြိုက်စွာ   ကျင်းပမည်ဖြစ်ပါကြောင်း၊   နေပြည်တော်ရှိ    ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊    ပြည်နယ်များမှ      ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ရာ  ကြိုတင်ပြင်ဆင်မှုများ  ဆောင်ရွက်နိုင်ရန်   ယခုကဲ့သို့    အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးနှင့်   ပြည်နယ်ဝန်ကြီး ချုပ်များကိုလည်း     ပါဝင်ဆောင်ရွက်ရမည့်     အခန်းကဏ္ဍနှင့်  ပတ်သက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က  Virtual စနစ်ဖြင့် အစည်း အဝေးခေါ်ယူ  ရှင်းလင်းပြောကြားပြီး ဖြစ်ပါကြောင်း  ပြောကြားသည်။
ထို့နောက်  ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ  ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့က အမှာစကား ပြောကြားကြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍       ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ က ၂၀၁၅ ခုနှစ်တွင်  ကျင်းပခဲ့သည့် ဗိုလ်ရှုခံအခမ်းအနား  မှတ်တမ်း ဓာတ်ပုံ Powerpoint ကို ပြန်လည်ပြသကာ    ယခုနှစ်တွင်   ကျင်းပမည့် အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည့်  ဆောင်ရွက်ချက်များနှင့်  စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက်  အတွင်းရေးမှူး  ဒုတိယဝန်ကြီး ဦးရဲတင့်က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ကော်မတီဖွဲ့စည်းထားရှိမှု၊   ဆပ်ကော်မတီဖွဲ့စည်းရန်လျာထားမှုနှင့်လုပ်ငန်းတာဝန်များ၊ ဆောင် ရွက်သွားမည့်   အစီအမံများကို    ရှင်းလင်းတင်ပြသည်။
ကဏ္ဍအလိုက် ဆွေးနွေး
ဆက်လက်၍    အစည်းအဝေးသို့    တက်ရောက်လာကြသူများ က  ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်   စပ်လျဉ်း ပြီး ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
 ဆွေးနွေးတင်ပြချက်များအပေါ်  ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့်    ဒုတိယဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။                                                                   သတင်းစဉ်