(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ


နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့်ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏ 
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံးတွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝတာဝန်ရှိ

 

ချစ်ကြည်လေးစားရပါသော    တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏     (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  နေ့ထူးနေ့မြတ်အခါသမယတွင်  နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော   တိုင်းရင်းသားပြည်သူအပေါင်းတို့အား ကျန်းမာရွှင်လန်းပြီး  ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝ ကြပါစေကြောင်း  ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံအတွင်း    နေထိုင်ကြသော   တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် မိမိတို့၏  ကိုယ်ပိုင်ယဉ်ကျေးမှု၊  ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး  စည်းလုံး ညီညွတ်စွာ    စုပေါင်းနေထိုင်ကြသည့်    သမိုင်းကြောင်းအစဉ်အလာ ကောင်းများရှိခဲ့သည့်အပြင်       ရှေးပဝေသဏီကပင်    ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့်     ကမ္ဘာ့ အလယ်တွင်   လွတ်လပ်၍   အချုပ်အခြာအာဏာပိုင်သည့်   နိုင်ငံ တစ်နိုင်ငံအဖြစ် ဝင့်ထည်စွာ ရပ်တည်ခဲ့ကြပါသည်။ 
သို့ရာတွင်   ကမ္ဘာတစ်ဝန်းလွှမ်းမိုးကြီးစိုးလာသော   ကိုလိုနီ စနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည်လည်း  အချို့သောနိုင်ငံများကဲ့သို့ (၁၉)ရာစု နှောင်းပိုင်းမှစ၍ ကိုလိုနီနယ်ချဲ့တို့၏   မတရား ကျူးကျော် သိမ်းပိုက်ခြင်းခံခဲ့ရပြီး    နိုင်ငံတော်၏လွတ်လပ်ရေးနှင့်     အချုပ်အခြာ အာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။
အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ပြည်ထောင်စု ဖွား တိုင်းရင်းသားများသည်  စည်းလုံးညီညွတ်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့်    ကိုလိုနီနယ်ချဲ့တို့ကို သက်စွန့်ကြိုးပမ်း  တွန်းလှန် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်၏   လွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာကို ပြန်လည် ရယူနိုင်ခဲ့ကြပြီး ယခုအခါ (၇၄)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ 
နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန်အတွက် ရက်ပိုင်း လပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့်လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ရပါသည်။  အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ရပါသည်။ နိုင်ငံ တစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့်ဆုံးရှုံးမှု မရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေး အတွက်    နိုင်ငံသားအားလုံးတွင်     ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိပါသည်။ 
မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီးနောက် နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော်အုပ်ချုပ်ခဲ့သည့်  တောင်တန်းမြေပြန့် သွေးခွဲ အုပ်ချုပ်ခဲ့မှုကြောင့်   တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမ အချင်းချင်းတို့အကြား ယုံကြည်မှုလျော့နည်းခဲ့ပြီး သံသယစိတ်ဓာတ် များဖြင့်    လက်နက်ကိုင်ပဋိပက္ခများ   ဖြစ်ပေါ်လာကာ  ပြည်တွင်း ငြိမ်းချမ်းရေးအား ထိပါးလာခဲ့ပါသည်။ ထိုအချိန်တွင် ဖဆပလအဖွဲ့ သည်နိုင်ငံ၌ အား အကောင်းဆုံးသော နိုင်ငံရေးအဖွဲ့ကြီးဖြစ်ခဲ့သော် လည်း နောက်ပိုင်းတွင်   ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံ အခြေအနေများ ယိမ်းယိုင်ခဲ့ရပါသည်။ ဖဆပလအတွင်း ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်အစရှိသော နိုင်ငံရေးခံယူချက်မတူသည့် အဖွဲ့အစည်းများဖြင့်   စုစည်းတည် ဆောက်နိုင်ခဲ့သော်လည်း  နောက်ပိုင်းတွင်  အစုအဖွဲ့လိုက်   သဘော ထားကွဲပြားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ တည်ဆောက်မှုတို့ကြောင့် စည်းရုံးရေးပြိုကွဲခဲ့ရသည်။ အကျိုးဆက်အားဖြင့်  ဖဆပလအတွင်း သူတစ်လူ၊ ငါတစ်မင်း အုပ်စုကွဲမှုများ    ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည် ဘေးကျပ်နံကျပ်ဖြစ်စေခဲ့ပါသည်။ 
နောက်ပိုင်းတွင်လည်း  ထိုကဲ့သို့နိုင်ငံရေးအယူအဆနှင့် အယူဝါဒ ကွဲပြားမှုအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခတို့ကြောင့် နိုင်ငံ တော်၏ တည်ငြိမ်ရေးပါ ထိပါးလာခဲ့သည့်အပြင်  လွတ်လပ်ရေးရရှိပြီး ၇၄ နှစ် ရှိပြီဖြစ်သော်လည်း   ထိုပဋိပက္ခများအား   ဖြေရှင်းနေရသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်   နှိုင်းယှဉ်ပါက   ဖွံ့ဖြိုးတိုးတက်မှု  နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက   ကိုလိုနီစနစ်ဆိုး၏ ခါးသီးသော  အတိတ်သမိုင်းအတွေ့အကြုံများကို သင်ခန်းစာယူကာ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် မတရားသွေးထိုး လှုံ့ဆော်မှုများ၊  ဖိအားပေးမှုများကို အမြဲသတိပြုကြရန် လိုအပ်ပါ သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာတို့အပေါ် သစ္စာစောင့် သိပြီး  ရင့်ကျက်သည့်  အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက  သမိုင်းပေး တာဝန်တစ်ရပ်အဖြစ်    ခံယူ၍စည်းလုံးညီညွတ်စွာ    ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။      သို့မှသာ မြန်မာနိုင်ငံသည် လွတ်လပ်သော  အချုပ်အခြာအာဏာပိုင်     နိုင်ငံ တစ်နိုင်ငံအဖြစ်  ကမ္ဘာတည်သရွေ့ ရပ်တည်သွားနိုင်မည် ဖြစ်ပါသည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရား မျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို   ပြည်ထောင်စုဖွားတိုင်းရင်းသားများအကြား   အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် ပေးကြရမည်ဖြစ်ပါသည်။                                
ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက်      စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင်ရယူ၍       ပြည်ထောင်စုကြီးတစ်ခုလုံး     ဘက်စုံ ထောင့်စုံမှ   ဟန်ချက်ညီညီ    ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌     ဒီမိုကရေစီအသွင်  ကူးပြောင်းရေးလမ်း ကြောင်းမှန်ပေါ်တွင်    ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့်အတူ    တိုင်းရင်းသားပြည်သူများနှင့်  သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးက     တစ်သွေးတည်း၊   တစ်သားတည်း ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန်  လိုအပ်ကြပါသည်။   ကျွန်ုပ်တို့ နိုင်ငံသည် တည်နေရာ၊ ရာသီဥတုကောင်းနှင့် ရေခံမြေခံကောင်းရှိသော နိုင်ငံတစ်ခုပင်   ဖြစ်ပါသည်။   နိုင်ငံအတွင်းရှိ   ရှိပြီးသား ၎င်းကဲ့သို့ သဘာဝအခြေခံကောင်းများကို    လူသားအရင်းအမြစ်နှင့်    ပေါင်းစပ် ၍ စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပါသည်။    နိုင်ငံတော်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ  နိုင်ငံရေး အင်အားစုများ၊  နိုင်ငံရေးပါတီများ၊  တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူများအားလုံး    တက်ညီလက်ညီ   ပူးပေါင်းပါဝင်၍ ပြည်တွင်း စီးပွားရေးနှင့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့အား   အားတက်သရော  ဆောင်ရွက်နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ  မလွဲမသွေ  ရရှိခံစားနိုင် မည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အဖြစ်  နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို         ဦးတည်ဆောင်ရွက်နေပါသည်။  နိုင်ငံတော်သာယာဝပြောရေးဆိုရာ၌ နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်  လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးတို့ ပါဝင်မည်ဖြစ်ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက်  နိုင်ငံတော်က   ကျင့်သုံးနေသည့်/  ကျင့်သုံးရန်ရည်မှန်းထားသည့်    နိုင်ငံရေးစနစ်နှင့်     ဖြစ်ပေါ်နေသော    နိုင်ငံရေးယဉ်ကျေးမှုတို့   (Political Culture) သဟဇာတဖြစ်ရန် လိုအပ်ပါသည်။   မြန်မာနိုင်ငံ၏   ကျင့်သုံးနေသည့်/ ကျင့်သုံးရန်    ရည်မှန်းထားသည့်   နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပါသည်။ 
ဒီမိုကရေစီစနစ်ကို  ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးအသိအမြင်များ အားကောင်း ရန် လိုအပ်ပါသည်။ အားလုံးပါဝင်နိုင်သော၊ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော  နိုင်ငံရေးစနစ်တည်ဆောက်မှု လိုအပ်ပါသည်။ ၎င်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့်   ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးဆောင်ရွက် လျက်ရှိပါသည်။ 
ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုထိခိုက်စေ သည့်  NUG နှင့် PDF အမည်ခံ   အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လှုပ်ရှားမှုများအားလည်း ထိရောက်စွာဟန့်တားနိုင်ရေး ပြည်သူလူထု နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည်  တိုင်းရင်းသားအားလုံးက  စုစည်းတည်ထောင် ထားသည့်    ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ    တိုင်းရင်းသား စည်းလုံးညီညွတ်မှု       တောင့်တင်းခိုင်မာရေးသည်       နိုင်ငံတော်နှင့် ပြည်သူလူထု၏   အမျိုးသားရေးအကျိုးစီးပွားပင်     ဖြစ်ပါသည်။   ကိုလိုနီခေတ်က   ၎င်းတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို  ပျက်ပြား၍ ကျွန်သက်ရှည်အောင်   ဆောင်ရွက်ခဲ့သည့်နည်းတူ    မျက်မှောက် ကာလ၌လည်း  ခေတ်သစ်ကိုလိုနီဝါဒီများက  ညီနောင်တိုင်းရင်းသား အချင်းချင်း   စည်းလုံးညီညွတ်မှုပြိုကွဲ၍   မြန်မာနိုင်ငံကို ၎င်းတို့ လိုသလိုခြယ်လှယ်ခွင့်ရရန်  ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် အယူအဆ၊ အယူဝါဒကွဲပြားမှုတို့ကြောင့်   ဖြစ်ပေါ်လာခဲ့သည့်   ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ၊   သွေးကွဲမှုများချုပ်ငြိမ်း၍  ရေရှည်တည်တံ့ခိုင်မြဲ သည့်   ထာဝရငြိမ်းချမ်းရေးရရှိရေး  ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက  ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြ ပါဟု တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ သည့်   လုပ်ငန်းများဖြစ်ပါသည်။    ထို့ကြောင့်   ပြည်သူ့လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် စားရေရိက္ခာဖူလုံရေးအား   ဦးစားပေးဆောင်ရွက် လျက် ရှိပါသည်။ ကမ္ဘာ၌ စားရေရိက္ခာသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး လူသားထုအသက်ရှင်နေထိုင်ရေးအတွက်   နေ့စဉ်သုံးစွဲနေရသဖြင့် လိုအပ်ချက် အမြဲရှိနေသော ပစ္စည်းများဖြစ်ပါသည်။
စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို  ခေတ်မီနည်းစနစ်များသုံး၍ အထွက်နှုန်းများ  တိုးတက်ကောင်းမွန်စေရေး၊  စက်မှုလယ်ယာဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး   တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာ ဖူလုံရေး ရည်မှန်းချက်များကို အင်တိုက်အားတိုက်    လက်တွဲညီညီ ဆောင်ရွက်ကြပါစို့ဟု    တိုက်တွန်းနှိုးဆော်အပ်ပါသည်။     ထိုဖွံ့ဖြိုး တိုးတက်ရေးလမ်းစဉ်သည်    နိုင်ငံတော်၏    ပကတိအရှိတရား လိုအပ်ချက်ပင်ဖြစ်ပါသည်။   ယနေ့အချိန်တွင်  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ကြုံတွေ့နေရသော ကာလဖြစ်ပါသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးပမ်း ရင်း တိုင်းပြည်၏ပကတိအရှိတရား လိုအပ်သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကိုလည်း   အကောင်အထည်ဖော်  ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားသွေးချင်း ညီအစ်ကို မောင်နှမများအားလုံး    စစ်မှန်သော      ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍  ချစ်ခင်ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန် အထူးအရေးကြီး လိုအပ်ပါသည်။ 
စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရား မျှတမှုအပြည့်ကျင့်သုံးပြီး   ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို   တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွား ရေး၊  လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို  ဆက်လက်အကောင် အထည် ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက  တွေ့ကြုံရသမျှ အခက်အခဲများနှင့်   အနှောင့်အယှက်များကို  စုပေါင်းအင်အားဖြင့်  စည်းလုံးညီညွတ်စွာ   ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်ပါသည်။ သို့မှသာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့်   ဒီမိုကရေစီစနစ်ကို စောင့် ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော  အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံပေါ်ထွန်းလာစေမည် ဖြစ်ပါသည်။ 
ယနေ့ခေတ်သည်  ပညာခေတ် (Knowledge Age)ဖြစ်သည် နှင့်အညီ  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာသည်သာ၊ အခရာ” ဖြစ်လျက်ရှိပါသည်။  မြန်မာနိုင်ငံကဲ့သို့  ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံအနေဖြင့် ပညာကို  အခြေပြု၍  နိုင်ငံတော်တည်ဆောက်ရေး (State Building)နှင့်  တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို  ဆောင်ရွက်နိုင်မှ   ခေတ်နှင့်အညီ၊   ကမ္ဘာနှင့်အမီ     ရင်ပေါင်တန်း လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။     ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၆၆ ၌ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ် ထားသော ပညာရေးဆိုင်ရာ  မူဝါဒများနှင့်အညီ (က) ပညာသင်ကြား ပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့်  ပြဋ္ဌာန်းသည့်  မသင်မနေရ  အခြေခံ ပညာများကို သင်ကြားရမည်။” ဟု ပြဋ္ဌာန်းထားပါသည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်း၊  ကျောင်းနေအရွယ် ကလေးငယ်တိုင်း Kg+9  (အခြေခံပညာအလယ်တန်းအဆင့်)   အဆင့် ပြီးဆုံးသည်အထိ  ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက် လျက်ရှိပါသည်။ ၎င်း Kg+9 အဆင့်အထိ    အခြေခံပညာရေး  ပြီးဆုံး မှသာ အသက်မွေးဝမ်းကျောင်းပညာများကို   အနည်းဆုံးဆက်လက် သင်ယူနိုင်မည်ဖြစ်သဖြင့်  တိုင်းရင်းသားပြည်သူအားလုံးက  နိုင်ငံ့ အနာဂတ်ကို ရှေးရှုပြီး တက်ကြွစွာ ဝိုင်းဝန်းအားပေးကြပါရန် နှိုးဆော် လိုပါသည်။ 
ပညာရေးသည်          လောကဓံကို        ကြုံတွေ့ကြရသည့်အခါ အောင်မြင်စွာ  ရင်ဆိုင်ကျော်လွှားနိုင်စေရန်   လိုအပ်သော စိတ်နှင့် ရုပ်လက္ခဏာများ တည်ဆောက်ပေးခြင်းပင်ဖြစ်သည်။  တစ်နည်းအား ဖြင့်   ပညာတတ်လျှင်    ကျန်းမာအောင်နေတတ်လာလိမ့်မည်။ ပညာတတ်လျှင် ချမ်းသာအောင် နေတတ်လာလိမ့်မည်ဖြစ်ပါသည်။    ထို့ကြောင့်   ပညာတတ်များ ပေါကြွယ်ဝရေး၊ ပညာကိုအခြေခံသည့် အသိပညာ၊    အတတ်ပညာရှိသည့်    လူ့စွမ်းအားအရင်းအမြစ်များ         ပေါ်ထွက်လာစေရေး     ဆက်လက်ဆောင်ရွက်ကြပါမည်။ မိမိတို့ ပြည်သူပြည်သားများ၏ စွမ်းပကားဖြင့် နိုင်ငံတော်တိုးတက်အောင်      ဆက်လက်စွမ်းဆောင်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။
သို့ဖြစ်၍
-    ပြည်ထောင်စု မပြိုကွဲရေး၊   တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ အတွက်  တိုင်းရင်းသားအားလုံး  ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေး၊
-    စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို  စောင့် ရှောက်ဖော်ဆောင်၍   ကောင်းမွန်သန့်ရှင်းသော   အစိုးရ တစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရေး၊
-    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို  အခြေခံ၍   တိုင်းရင်းသားအားလုံးစည်းလုံး ချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး၊
-    ပြည်သူတစ်ရပ်လုံး   လိုလားတောင့်တနေသည့်   ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသော
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်     လွတ်လပ်ရေးနေ့  အမျိုးသားရေး ဦးတည်ချက်(၄)ရပ်ကို   အလေးအနက်ခံယူပြီး    နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကို   အကောင်အထည်ဖော်ရာတွင်  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက   ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့်   တက်ညီလက်ညီ  ပူးပေါင်းပါဝင်ကြပါရန်   မိမိတို့သည်သမိုင်းတစ်ကွေ့တွင်   စည်းလုံး ညီညွတ်မှုပြိုကွဲခဲ့ခြင်း၊      အင်အားတောင့်တင်းသည့်      အမြဲတမ်း တပ်မတော်တစ်ရပ်မရှိခဲ့ခြင်းတို့ကြောင့်   သူ့ကျွန်ဘဝနှင့် ရှင်သန် ခဲ့ရသည့်    ဘိုးဘွားဘီဘင်များ၏ဖြစ်စဉ်များကို သင်ခန်းစာယူလျက် လွတ်လပ်ရေး၏တန်ဖိုးကို  သိရှိနားလည်ကြပါရန်    မျိုးဆက်သစ် များအနေဖြင့်  အတိတ်မှဖြစ်စဉ်များအပေါ်  ဆင်ခြင်တုံတရားထားလျက်  မိမိတို့ရရှိထားသော လွတ်လပ်ခြင်း၏တန်ဖိုးကို   သိရှိနားလည်ကာ  အမိနိုင်ငံတော်၏အကျိုးကို  စွမ်းဆောင်နိုင်သလောက်  ကိုယ်စီကိုယ်စီ စွမ်းဆောင်သွားကြစေရေး  တိုက်တွန်းလျက်  သဝဏ်လွှာပေးပို့အပ်ပါ သည်။

                                                                                                            ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
                                                                                                                  နိုင်ငံတော်ဝန်ကြီးချုပ်
                                                                                                    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ