(၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် 

 

 

နေပြည်တော်   နိုဝင်ဘာ  ၂၉ 
(၅၉)ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian- African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့်    ယနေ့မှစတင်၍  တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်   လက်ခံကျင်းပလျက်ရှိရာ    အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ  ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြ သည်။ 
အဖွင့်အမှာစကားပြောကြား
အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်   H.E. Li Keqiang  တက်ရောက်၍  အဖွင့်အမှာစကား ပြောကြားသည်။     အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤအစည်းအဝေးကို ကိုဗစ်-၁၉ ကာလ အတွင်း ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ဟောင်ကောင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ  အစိုးရအဖွဲ့၊ AALCO  အတွင်းရေးမှူးချုပ်ရုံးနှင့်  အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် နှင့်  နိုင်ငံခြားရေးဝန်ကြီး  H.E. Wang Yi ကို  အထူးကျေးဇူးတင်ရှိ ပါကြောင်း။ 
စည်းလုံးညီညွတ်မှုကိုပြသ
အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့အစည်းသည် ၁၉၅၅ ခုနှစ်၊ ဘန်ဒေါင်းညီလာခံမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်      နှစ်စဉ်ကျင်းပသည့်    အစည်းအဝေးများတွင် တက်ကြွစွာ  ပါဝင်တက်ရောက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း  အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပနိုင်ခြင်းသည်    အာရှ-အာဖရိက နိုင်ငံများအကြား    စည်းလုံး ညီညွတ်မှုကို ပြသခြင်း ဖြစ်ပါကြောင်း၊ AALCO ၏ နှစ်စဉ်ထုတ်ဝေသည့် စာအုပ်နှင့် “အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ” ခေါင်းစဉ်ဖြင့်   ဂျာနယ်ထုတ်ဝေနိုင်မှုတို့အပေါ်  ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ AALCO သည် အာရှ-အာဖရိက နိုင်ငံများအတွက် အလွန် အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြား သောအဖွဲ့အစည်းများသို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် အဓိကအထောက်အပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊   AALCO က အပြည်ပြည်ဆိုင်ရာ  ဥပဒေကော်မရှင် International Law Commission (ILC)၏ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပေးလျက်ရှိရာ     မိမိအနေဖြင့်    ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း။
အလေးထားလိုက်နာရန် လိုအပ်မည်
 အပြည်ပြည်ဆိုင်ရာဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး နယ်ပယ်များတွင်  သာတူညီမျှရှိမှုနှင့်  အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန် အခြေခံ အုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း  နိုင်ငံအသီးသီးအနေဖြင့်  အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း       အပြည်ပြည်ဆိုင်ရာဥပဒေကို အလေးထားလိုက်နာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ     ကာလအတွင်းနှင့်    ကာလအလွန်အခြေအနေများတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု များကို အဖွဲ့ဝင်နိုင်ငံများအကြား အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာမှုခင်းများသည် နိုင်ငံဖြတ်ကျော် မှုခင်း ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် တိုက်ဖျက်၍ မရနိုင် ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်း၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများ နှင့်အညီ ရေးဆွဲလျက်ရှိပါကြောင်း ပြောကြားပြီး  အစည်းအဝေးတွင်    အပြည်ပြည်ဆိုင်ရာ   ဥပဒေကော်မရှင်မှ    ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊    ဆိုက်ဘာဆိုင်ရာ     နိုင်ငံတကာဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဿနာများနှင့်စပ်လျဉ်း၍ တက်ရောက်ကြ သော  အဖွဲ့ဝင်နိုင်ငံများမှ  ကိုယ်စားလှယ်များက  အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။                                                       သတင်းစဉ်