(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ   ၂၉


(၅၈)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြည်ထဲရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက  ယနေ့ နံနက် ပိုင်းတွင်    နေပြည်တော်   ပြည်ထောင်စုနယ်မြေ   ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။

 


စုပေါင်းသန့်ရှင်းရေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ  ဌာနကြီး များနှင့်   မှုခင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်နှင့်စာရေး ဝန်ထမ်းစုစုပေါင်း ၅၈၀  တို့က ဆေးရုံကြီးဝင်းအတွင်း သန့်ရှင်းသာယာ လှပရေးအတွက်  အမှိုက်များသိမ်းဆည်းခြင်း၊  ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့်  ရေနုတ်မြောင်းများဖော်ခြင်းတို့  ဆောင်ရွက် ကြသည်။

 


အဆိုပါ စုပေါင်းသန့်ရှင်းရေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲဦးစီးအရာရှိချုပ်  ရဲမှူးချုပ်  သက်နိုင်နှင့်  ရဲအရာရှိကြီးများ၊  ဆေးရုံ အုပ်ကြီး     ဒေါက်တာ    ဆန်းလွင်ဦးနှင့်    ဆေးရုံတာဝန်ရှိသူများက  လှည့်လည်ကြည့်ရှုအားပေးကာ ဆေးရုံအုပ်ကြီးက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့်  တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို   လက်ဖက်ရည်၊ ကောက်ညှင်းပေါင်း၊    အကြော်စုံတို့ဖြင့်    ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။                                                  

သတင်းစဉ်