
နေပြည်တော် ဩဂုတ် ၁
(၄၄) ကြိမ်မြောက် အာဆီယံစီးပွား ရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (44th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်း အဝေးကို အင်ဒိုနီးရှားနိုင်ငံ လန်ဘုတ်ကျွန်းတွင် ဇူလိုင် ၂၉ မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်း အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲမှုတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း အနေဖြင့် ထည့်သွင်းလိုသည့် ကိစ္စ ရပ်များ၊ အသစ်ထွက်ပေါ်လာ သည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း ပုံစံ ၂၀၂၅ အကောင်အထည်ဖော် မှုအပေါ် ဘက်စုံစောင့်ကြည့် လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သည့် အာဆီယံဒေသ ဖြစ်လာ စေရေး ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံ ဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ် မော်တော်ယာဉ် (EV) အသုံးပြုမှု စနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ် စေရေး၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင်စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆို ပြီးသော လွတ်လပ်သော ကုန်သွယ် မှုဒေသ အသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ ကောင်းမွန် သော လုပ်ထုံးလုပ်နည်းဆိုင်ရာ အာဆီယံလုပ်ငန်းစဉ်များ အကောင် အထည်ဖော်မှု၊ စတုတ္ထစက်မှု အသွင် ကူးပြောင်းမှုဆိုင်ရာ အာဆီယံမဟာဗျူဟာကို အကောင် အထည်ဖော်မှု၊ အာဆီယံဒစ်ဂျစ် တယ်စီးပွားရေး ပေါင်းစည်းမှု ဆိုင်ရာ ဘမ်ဂါဆီရီ ဘီဂါဝမ် လမ်းပြမြေပုံ အကောင်အထည် ဖော်မှုတို့ကို မှတ်တမ်းတင်ခဲ့ပြီး ဩဂုတ်လတွင် ကျင်းပမည့် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် စက်တင်ဘာလ တွင်ကျင်းပမည့် အာဆီယံစီးပွား ရေး အသိုက်အဝန်းကောင်စီ သို့ တင်ပြမည့် အကြံပြုချက်များ ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ အင်ဒိုနီးရှား နိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင် ရွက်မှု ဒုတိယဝန်ကြီး H.E. Edi Prio Pambudi က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စား လှယ်များ၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ယခု အစည်းအဝေးတွင် အာဆီယံစီးပွားရေး ပေါင်းစည်းမှု ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေး သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံသို့ လွှဲပြောင်း ခဲ့ပြီး လာမည့်(၄၅)ကြိမ်မြောက် အစည်းအဝေးမှစတင်၍ လာအို နိုင်ငံမှ သဘာပတိအိမ်ရှင်နိုင်ငံ အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
အာဆီယံစီးပွားရေး ပေါင်းစည်း မှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပ၍ အာဆီယံ စီးပွားရေး အသိုက်အဝန်း၏ အကြံပေးအဖွဲ့ (Think Tank) အနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း၏ ရှေ့လုပ်ငန်းစဉ် များ၊ အကြံပြုချက်နှင့် ထောက်ခံ တင်ပြချက်များကို ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သည့်အဖွဲ့ ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်