
နေပြည်တော် ဧပြီ ၆
၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက် ရှိသည့် ဝူရှူးအားကစားနည်းမှ (ချန်းစု၊ နန်းချွမ်၊ ထိုက်ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစားသမား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့၏ ပြိုင်ပွဲ အသွင် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နည်းပြများ နှင့် အားကစားသမားများအားတွေ့ဆုံ၍ အားကစား သမားများအနေဖြင့် မိမိနိုင်ငံနှင့် လူမျိုးအတွက် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်၍ ပြိုင်ပွဲတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်အထိ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စည်းကမ်းလိုက်နာပြီး စနစ်တကျ ကြိုးစားလေ့ကျင့်သည့် အားကစားသမား များကိုသာ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများအား ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လေ့ကျင့်သင်ကြား ပေးရန်နှင့် စိတ်ဓာတ်သည် အဓိကအရေးကြီးသည့် အတွက် စိတ်ခွန်အားများ မြင့်တက်လာအောင် သင်ကြားပြသပေးရန် လိုကြောင်း၊ အောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့သူများကို နိုင်ငံတော်ကလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အတွက် ယခုလာမည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအားလုံး တက်ညီလက်ညီ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီ ရောက်ရှိမည့် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကာလတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပမည့် ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာ့လက်ရွေးစင်အားကစား မောင်မယ်များနှင့် လူငယ်အားကစား လေ့ကျင့်ရေး စခန်းမှ အားကစားမောင်မယ်များ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန်အတွက် အတာသင်္ကြန်မဏ္ဍပ် ကြိုတင်ပြင်ဆင်နေမှုကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်