
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အထက(၂)ဒဂုံ(အရှေ့)ကျောင်းက ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်လှလှသန်းကို သတ်သည့်နေရာတွင် အားပေးကူညီမှုနှင့် ထိန်းသိမ်းခံထားရသည့် ကျောင်းသူ တစ်ဦး၏ပြောကြားချက်ကို ပြသလိုကြောင်းပြောကြား၍ ဇူးဇူးဟန်နီ၏ ဗီဒီယိုဖိုင်ကို ပြသသည်။
အားလုံးမြင်သည့်အတိုင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ယုံကြည်ကြ သည့် နိုင်ငံဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာမှ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ မိမိကို အသိပညာ၊ အတတ်ပညာသင်ကြား ပေးသည့် ဆရာ/ဆရာမကို အလေးအမြတ်ပြုခြင်း၊ ကျေးဇူးကြီးမားသူအဖြစ် သတ်မှတ်ထားကြကြောင်း၊ မိမိကို ပညာသင်ကြားပေးသည့် ဆရာ/ဆရာမကို သတ်ဖြတ်ရန်မပြောနှင့်၊ လေသံမာမာနှင့်တောင် ပြန် မပြောသင့်ဘူးဟု ဆုံးမကြကြောင်း၊ ယခုတင်ပြခဲ့သည့်ကလေးသည် အခြေခံပညာအဆင့် သင်ကြားနေဆဲ နှင့် သင်ယူပြီးမြောက်ခါစအရွယ်ဖြစ်ကြောင်း၊ အသတ်ခံခဲ့ရသည့် ဆရာမထံမှ ၈ တန်းကတည်းက ပညာသင်ယူခဲ့ကြသူတွေဖြစ်ပြီး ၎င်းတို့ အဘယ်ကြောင့် ယခုလိုဖြစ်သွားသလဲဆိုလျှင် နိုင်ငံရေးသမား ဆိုသူအမည်ခံများ၏ သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံရေးသမားဆိုသူများ၏ အောက်တန်းကျလှသည့် ညစ်လုံး များကြောင့် အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာမကိုပင် ရှင်တစ်လုံး၊ ခင်ဗျားတစ်လုံးသုံးပြီး နုတ်အားဖြင့်၊ တစ်နည်းအားဖြင့် Messenger စာသားကနေတစ်ဆင့် စော်ကားခဲ့သလို လူကိုသေစေသည့်အထိ အစွန်း တစ်ဖက်ကို ရောက်သွားခဲ့ပြီး သတ်ဖြတ်ရန်အထိ တိုက်တွန်းခဲ့၊ လမ်းပြခဲ့ခြင်း တွေ့ရှိရလိမ့်မည်ဖြစ်ကြောင်း၊ ထပ်ပြီး မိမိပြောလိုသည်မှာ ၎င်းတို့ကိုဖမ်းဆီးရမိမှ သိရကြောင်း၊ BEHS - 2 East Dagon Page ၊ Human right defender ၊ BEHS - 2 East Dagon Page ဆိုလျှင် ၎င်းတို့ကျောင်းသားသုံးယောက်ထဲကနေ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လုပ်ဆောင်ပြီး တစ်ကျောင်းလုံးကနေပါပြီး လုပ်ဆောင်နေသလိုမျိုး ပြုလုပ် ကြောင်း၊ ဘေးကလော်ဘီလုပ်သည့် မီဒီယာများလည်းရှိကြောင်း၊ ဒလန်ဆိုသည့် အသုံးအနှုန်းကို တွင်တွင် ကျယ်ကျယ်သုံးပြီး သတ်ဖြတ်နေခြင်းများနှင့်ပတ်သက်ပြီး တစ်ခုဖြည့်စွက် ပြောကြားလိုပါကြောင်း၊ CRPH တို့ NUG တို့ PDF တို့၏ ဒလန်ဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်က ဘာလဲလို့ မေးခွန်းထုတ်ကြည့် စေလိုကြောင်း၊ တွေ့ရာလူကိုသတ်၊ သေသွားသူကို ဒလန်အဖြစ် တံဆိပ်ကပ်လိုက်ခြင်းက အများဆုံး ဖြစ်ကြောင်း၊ အထင်ရှားဆုံးသက်သေအနေဖြင့် မိမိ Power Point Slide အချို့ကို ပြလိုပါကြောင်း ပြော ကြားသည်။
ယခုမြင်တွေ့ရသည့်ဖြစ်စဉ်က မန္တလေးမြို့ကဖြစ်ပါကြောင်း၊ အသတ်ခံရသည့် အမျိုးသမီးငယ်သည် ၎င်းတို့အသုံးအနှုန်းအရအမြဲရဲရဲတောက်နေသည့်အထိ ထောက်ခံခဲ့သူဖြစ်ကြောင်း၊ အမြဲရဲရဲပဲတောက် တောက်၊ ထာဝရပဲတောက်တောက် အသတ်ခံရကြောင်း၊ ဒလန်အဖြစ်စွပ်စွဲခံရပါကြောင်း ပြောကြားသည်။
နောက်တစ်ခု မြင်တွေ့ရသည့်သူက ရန်ကုန်ကဖြစ်ပါကြောင်း၊ Taxi မောင်းပါကြောင်း၊ ၎င်း၏နိုင်ငံရေး ခံယူချက်အရ “ထာဝရထက်တောင် တစ်ရက်ပိုတယ်” ဆိုသည့်သီချင်းလိုပဲ ရဲရဲတောက်ပါကြောင်း၊ ၎င်း၏ သမီးဖြစ်သူတင်ထားသည့် Post တွင် သူ့အဖေဘယ်လိုလူစားလဲဆိုတာ သိသာနိုင်ကြောင်း၊ သားဖြစ်သူ တင်ထားသည့် Post ကိုကြည့်လျှင် အဖေဖြစ်သူ အသတ်ခံထားရသူမို့ ခပ်ရိုင်းရိုင်းစကားလုံးနှင့်ကို ၎င်းတို့ ပြောနေသည့် တော်လှန်ရေးဆိုတာကြီးကိုပြောထားကြောင်း၊ မိမိတင်ပြခဲ့ခြင်းများကို ပြန်ပြီးသုံးသပ်ကြည့် လျှင် CRPH, NUG, PDF များ၏ ဒလန်ဆိုသည့် စွပ်စွဲသတ်ဖြတ်မှုသည် တွေ့ရာလူကိုသတ်၊ ပုဂ္ဂိုလ်ရေး မကျေလည်မှုများ ယခင်ကရှိခဲ့တာကို အခြေခံပြီး ဒလန်အဖြစ် တံဆိပ်ကပ်ရုံထက် မပိုဘူးလို့ပြောလို ကြောင်း၊ အလွန်ပင်စုတ်ပဲ့လွန်းသည့် နိုင်ငံရေးသမား အယောင်ဆောင်များဟု ပြောလိုကြောင်း ပြောကြား သည်။
သမိုင်းများသည် အလကားဖြစ်လာတာမဟုတ်
ယနေ့ ပြသသည့်ဖြစ်စဉ်များကို ပြန်ကြည့်လျှင် တစ်ချိန်က ဗကပတပ်နီ လူငယ်များက ပြည်သူများကို ပဲခူးရိုးမနှင့် ပဲခူးရိုးမအနောက်ခြမ်း၊ ပြည်၊ သာယာဝတီ၊ ပေါင်းတည်ခရိုင် သတ်ဖြတ်ခဲ့သည့်ပုံစံများနှင့် သွားတူနေသည်ကို တွေ့ရကြောင်း၊ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗကပဗဟိုဌာနချုပ် လူငယ်အစည်းအဝေးတစ်ခုတွင် ရဲဘော်အောင်ကြီးနှင့်ရဲဘော်ထွန်းရှိန်တို့က တပ်နီလူငယ်များကိုတို့မှာ ဆွေရယ်မျိုးရယ်မရှိကြောင်း၊ အဖေ၊အမေ၊ညီမ၊ အစ်ကိုဟူ၍ မရှိစေရ၊ လူတိုင်းဟာ လိုအပ်လာရင် အဖေ အရင်း၊ အမေအရင်း၊ အစ်ကိုအရင်း၊ ညီအရင်း၊ ညီမအရင်းကိုပါ သတ်ရမည်ဟု စေခိုင်းခဲ့ကြောင်း၊ ၁၉၆၇ ခုနှစ် မတ်လတွင် ဇီးကုန်းမြို့ အနောက်ခြမ်း၊ နွားတည်းကုန်းကျေးရွာက ၎င်းတို့ဗကပအချင်းချင်းဖြစ် သော ရဲဘော်လှကြည်၏ဇနီးကို ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝါးရင်းတုတ်နှင့် မသေမချင်းရိုက်သတ်ကြောင်း၊ ရွာသားများကိုသတ်ကြောင်း၊ ထို့အပြင် ပြည်ခရိုင် ပေါင်းတည်မြို့၊ မှတ်တိုင်ကျေးရွာရှိ ဘုန်းတော်ကြီး ဦးသူရိယနှင့် ဒါယကာတစ်ဦးတို့ကို အာဏာတည်ဆောက်ရေး၊ အတားအဆီးအဖြစ်၊ ဒလန်အဖြစ် သတ်မှတ်ပြီး တပ်နီအမျိုးသမီးအဖွဲ့က ဝါးရုံတွင် ကြိုးတုတ်ပြီး ဓားနဲ့ပါးပါးလှီးကာ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း၊ ဘုန်းကြီး၏သင်္ကန်းများကို အမျိုးသမီးများက အတွင်းခံ ဘောင်းဘီ၊ အတွင်းခံအင်္ကျီတို့ ချုပ်ပြီးဝတ်ခဲ့ကြောင်း၊ သာယာဝတီ၊ ပေါင်းတည်၊ နတ်တလင်း ထိုခရိုင်များ၌ ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခံရသူ ရွာသူရွာသားအမြောက်အမြား ရှိခဲ့ကြောင်း၊ ၎င်းအရာများသည် ဂရုစိုက်စရာကောင်းသည့် သမိုင်းများ ဖြစ်ကြောင်း၊ ဤသမိုင်းများသည် အလကားဖြစ်လာတာမဟုတ်ကြောင်း ပြောကြားသည်။
နောက်တစ်ခုမှာ မုံရွာမြို့က Sagaing Independent Army အဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင် ဇော်ထက်အောင်(ခေါ်) ခွန်ဆာ၏ ပြောကြားချက်ဖြစ်ကြောင်းပြောကြားပြီး ခွန်ဆာ၏ ဗီဒီယိုဖိုင်ကို ပြသသည်။
Video File ထဲတွင် အဓိကကျသည်ဟု ယူဆနိုင်သည့် အရာအချို့ကို ထုတ်ပြလိုကြောင်း၊ ပထမဆုံး အချက်မှာ ရည်ရွယ်ချက်မဲ့ရမ်းကားမှုဖြစ်ကြောင်း၊ လူသတ်ရန် သေနတ်ငှားကြောင်း၊ သေနတ်ရလာပြီး မည်သူ့ကိုသတ်ရမည်ဆိုသည်ကို မသိကြောင်း၊ မြို့ကို လှည့်ပတ်ကြည့်ပြီးယာဉ်ထိန်းကိုတွေ့၍ပစ်သတ် လိုက်သည်ဟု ပြောထားပါကြောင်း ပြောကြားသည်။
ဒုတိယအချက်အနေဖြင့် ယခုဝန်ခံထားသည့်သူသည် ရဲစခန်း၊ Mytel ရုံး၊ မြန်မာဘီယာနှင့် စသည့်နေရာ များတွင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို သတ်ဖြတ်ခြင်း၊ လုပ်ခဲ့ခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအရာများကို ၎င်းက ကူညီထောက်ပံ့မှုလိုချင်၍ဟု အလွယ်ပြောပြီး ငွေရလိုခြင်းကြောင့်လုပ်ခြင်း ဖြစ်ကြောင်း၊ မိုင်းခွဲ၊ လူသတ်ခြင်းကို ၎င်းကလုပ်ကြောင်း၊ ထိုဖြစ်စဉ်များကို အကြောင်းပြပြီး အလှူခံခြင်းက မုံရွာ PDF ၊ တစ်နည်းအားဖြင့် သံမဏိတပ်ဖွဲ့ အမည်ခံအကြမ်းဖက်အဖွဲ့ကလုပ်ကြောင်း၊ ၎င်းတွင် ရပိုင်ခွင့်အနေဖြင့် ဆိုင်ကယ်ဆီဖိုးသာသာပဲရကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် မကျေနပ်ကြောင်း၊ ထိုအပိုင်းလေးတွင် စဉ်းစားသင့်သည်မှာ ဒီမိုကရေစီဆိုသည့် အကြောင်းပြချက်အတွက် မိုင်းခွဲ၊ လူသတ်၊ ပိုက်ဆံအတွက် မိုင်းခွဲ၊ လူသတ်သည်လားဟူ၍ စဉ်းစားသင့်ပါကြောင်း ပြောကြားသည်။
ထိုအကြောင်းအရာနှင့်ဆက်စပ်ပြီး ၎င်းပြောသည့်အထဲတွင်ပါသည့် သံမဏိတပ်ဖွဲ့ မုံရွာ PDF ထောက်ပံ့ခြင်း နည်း၍မကျေနပ်ကြောင်း၊ ထို့ကြောင့် ၎င်းက Sagaing Indepentent Army ကိုလူကိုးဦး နှင့် ဖွဲ့စည်းလိုက်သည်ဟု ပြောသွားကြောင်း၊ လူနှစ်ယောက်တစ်ပိုင်းဖြင့် ဖွဲ့စည်းလိုက်သည်ကို အချို့ မီဒီယာများဖြစ်သည့် ခေတ်သစ် မီဒီယာ၊ Myanmar now ၊ ဧရာဝတီမီဒီယာများက ၎င်းတို့၏ဖော်ပြထားသည့် အထဲတွင် တချို့အမည်ခံအဖွဲ့များကို တကယ့်လူအင်အား ကြီးကြီးမားမားရှိနေသယောင်၊ အများက ထင်ယောင်ထင်မှားဖြစ်သွားအောင် လုပ်ခဲ့တာရှိကြောင်း၊ ယင်း Army အမည်ခံအကြမ်းဖက်အဖွဲ့များက လူသတ်၊ မိုင်းခွဲ၊ မီးရှို့အကြမ်းဖက်လုပ်ရပ်များကိုလုပ်ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မဟာမိတ်ဖွဲ့စည်းသည်ဟူ၍ မကြာခဏ ကြေညာခဲ့တာရှိကြောင်း၊ ထိုသို့ ပြည်ဖျက်မီဒီယာများကလည်း အားကြိုးမာန်တက် အော်ဟစ် ပေးခြင်းကြောင့် လူအင်အားတောင့်တင်းနေသယောင် ထင်ယောင်ထင်မှား ဖြစ်လာတာတွေ့ရကြောင်း။
မီဒီယာကြီးများ သွေးထိုးလှုံ့ဆော်မှုများ
၁၉၈၈ အရေးအခင်းက ယခုထင်ရှားနေသည့် ပြည်ပမီဒီယာများ၊ BBC ၊ VOA ကဲ့သို့သော မီဒီယာကြီး များ သွေးထိုးလှုံ့ဆော်မှုများကိုပြန်ပြီး အမှတ်ရဖွယ်ဖြစ်ကြောင်း၊ အမှန်တကယ် ဖမ်းဆီးရမိ၍ ဖော်ထုတ် သည့်အခါ လူငါးယောက်နှင့်ဖွဲ့သည့် Army ၊ လူ ၂၀ ယောက်နှင့်ဖွဲ့သည့် Army များ ပေါ်ပေါက်လာပါ ကြောင်း၊ ဘယ်နှယောက်နှင့်ဖွဲ့သည့်အဖွဲ့ဖြစ်စေ ရည်ရွယ်ချက်ကို ထပ်ပြီးစိစစ်လျှင် လူသတ်၊ မိုင်းခွဲ၊ မီးရှို့ခြင်း လုပ်မည်ဖြစ်ကြောင်း၊ အလှူငွေဟု အမည်တပ်ထားသည့် ပေးစာကမ်းစာစားမည်ဆိုခြင်းထက် မပိုခြင်းကိုသိရကြောင်း ပြောကြားသည်။
ထို Video File ထဲမှ နောက်ဆုံး မြင်သာသည့်တစ်ခုကို ပြောလိုပါကြောင်း၊ NUG ဆိုသည့်အဖွဲ့နှင့် ပတ်သက်ပြီး ကာယကံရှင်၏ ပြောကြားချက်ထဲတွင် ပါပါကြောင်း၊ ၎င်း၏ပြောပုံဆိုပုံကို ကြည့်လျှင် သိနိုင်ကြောင်း၊ ၎င်းပြောသွားသည့် အထဲမှာပါကြောင်း၊ ၎င်းတို့သည် မြေစာပင်များဖြစ်ကြောင်း၊ ၎င်းတို့ မသိသေးသည့် အလှူခံပြီး အခြားသောဘက်တွင် စီးပွားရေးများလုပ်နေလားဟုမှတ်ရကြောင်း၊ NUG အဖွဲ့အနေဖြင့် ပြည်ပကနေပြီး ပြည်တွင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ရန်၊ သတ်ဖြတ်ခြင်းများ လုပ်ရန် တိုက်တွန်းနေသည့် ရည်ရွယ်ချက်က ဘာလဲ၊ မြန်မာပြည်အတွင်း နေရာအနှံ့ မိုင်းတွေကွဲနေကြောင်း၊ လူတွေသေနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ဝိုင်းကူကြပါဟုပြောပြီး အလှူငွေထပ်ကောက်ရန် အတွက်လားဆိုသည်ကို သတိပြုမိရန်လိုအပ်ကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံတွင်ဖြစ်နေသည့် လက်တွေ့ဖြစ်ရပ်များထဲက အချို့သာဖြစ်ကြောင်း၊ မီဒီယာများက ပြည်သူလူထုအနေဖြင့် နိုင်ငံတွင် ယခုလိုအခြေအနေမျိုးများ ဖြစ်လာအောင်၊ ပြည်သူအချင်းချင်း သတ်ဖြတ်မှုများဖြစ်လာအောင် မည်သူတွေက ဆောင်ရွက်နေကြသလဲ၊ ဘယ်သူတွေကအားပေးနေ ကြသလဲ၊ မည်သို့သော အကြံအစည်များ ရှိကြသလဲဆိုသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းပြည် အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရန်၊ အဓမ္မအကြမ်းဖက်သမားများကို ရပ်တည်၍ မရသည်အထိ တိုက်ဖျက်သွားကြနိုင်စေရေး မေတ္တာရပ်ခံတင်ပြလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားပါမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၁၀/၂၀၂၁) သို့ တက်ရောက် လာကြသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာသမားများအားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ဦးစွာနှုတ်ခွန်းဆက်သကြောင်း၊ ယနေ့သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်း တင်ပြမည့်အကြောင်းအရာများမှာ (က) တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများကို စစ်ဆေးဆောင်ရွက်မှုအခြေအနေ၊ (ခ)အချိုးကျ ကိုယ်စားပြုစနစ်(PR)နှင့်စပ်လျဉ်းပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့မှု အခြေ အနေ၊ (ဂ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေ၊ (ဃ) မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များဖြစ်ကြောင်း ပြောကြားသည်။
ပါတီများ၏စာရင်းများစစ်ဆေး
တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများ စစ်ဆေးဆောင်ရွက်မှု အခြေအနေကို ဦးစွာတင်ပြသွားမည် ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိကြောင်း၊ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံး မည့် ပါတီ ၁၈ ပါတီဖြစ်ကြောင်း၊ ထိုပါတီများထဲ၌ တိုင်းရင်းသားပါတီ ၄၈ ပါတီ ပါဝင်ကြောင်း၊ ပါတီဌာနချုပ်များ အခြေစိုက်ထားရှိမှုများက ကချင်ပြည်နယ်တွင် ၅ ပါတီ ၊ ကယားပြည်နယ်တွင် ၁ ပါတီ ၊ ကရင်ပြည်နယ်တွင် ၂ ပါတီ ၊ ချင်းပြည်နယ်တွင် ၂ ပါတီ ၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ၂ ပါတီ ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ပါတီ ၊ မကွေးတိုင်းဒေသကြီးတွင် ၁ ပါတီ၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ပါတီ ၊ မွန်ပြည်နယ်တွင် ၃ ပါတီ၊ ရခိုင်ပြည်နယ်တွင် ၈ ပါတီ ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ပါတီ ၊ ရှမ်းပြည်နယ်တွင် ၁၆ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ၄ ပါတီတို့ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ စာရင်းများကို သြဂုတ်လ စတုတ္ထပတ်ကစ၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပြီးစီးမှုမှာ ၂၃- ၈- ၂၀၂၁ မှ ၁၀-၉-၂၀၂၁ အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အခြေစိုက် ၄ ပါတီကိုလည်းကောင်း ၊ ၁၄-၉- ၂၀၂၁ မှ ၂၆-၉-၂၀၂၁ အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီ ၁၃ ပါတီကိုလည်းကောင်း ၊ ၁-၁၀-၂၀၂၁ မှ ၁၅- ၁၀- ၂၀၂၁ အထိ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ ၁၇ ပါတီကိုလည်းကောင်း စစ်ဆေးပြီး သည့်အတွက် ယနေ့အထိ စစ်ဆေးပြီးသော နိုင်ငံရေးပါတီ ၃၄ ပါတီဖြစ်ကြောင်း၊ လက်ရှိ စစ်ဆေးဆဲပါတီ ၄ ပါတီရှိကြောင်း ပြောကြားသည်။
ထိုသို့စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်း၊ ပါတီရုံးများ ဖွင့်လှစ်မှု၊ ပါတီရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်များ၊ ပါတီပိုင် ပစ္စည်းများ၊ ပါတီပိုင် စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းအလှူရှင်များ၏ငွေ၊ ပစ္စည်းလှူဒါန်းမှု၊ ပါတီ စည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲအထွေထွေအသုံးစရိတ်ဆိုင်ရာများကို ဥပဒေနှင့်အညီ စာရင်းများ ရေးဆွဲထားရှိပြီး စစ်ဆေးခံနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးပါတီများ၏ စာရင်းဇယားများ ပြည့်စုံမှန်ကန်ပြီး စနစ်တကျ ရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း လည်းဖြစ်ကြောင်း ပြောကြားသည်။
PR နှင့် စပ်လျဉ်းပြီးဆွေးနွေး
ဆက်လက်ပြီး အချိုးကျကိုယ်စားပြုစနစ်(PR)နှင့်စပ်လျဉ်းပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့မှုအခြေအနေကို တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ပါလီမန်ရွေးကောက်ပွဲများ အပါအဝင် ကျင်းပခဲ့ သော ရွေးကောက်ပွဲများ၌ မဲများသူ အနိုင်ရသည့်စနစ် ( First Past The Post (FPTP) ) စနစ်ကို ကျင့်သုံးခဲ့ ကြောင်း၊ သို့သော်လည်း ကမ္ဘာ့နိုင်ငံရေး ဖြစ်ထွန်းမှုအခြေအနေနှင့် FPTP စနစ်၏ အားသာ ၊ အားနည်းချက် များ အပေါ်မူတည်၍ ပထမအကြိမ်လွှတ်တော်သက်တမ်းကတည်းက FPTP စနစ်ကနေ PR စနစ်ကို ပြောင်းလဲကျင့်သုံးရန်အတွက် လွှတ်တော်အတွင်း ဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသော PR စနစ်ကို ပြောင်းလဲကျင့်သုံးရန် နိုင်ငံရေးပါတီ အများစုက မူအားဖြင့် သဘောတူညီခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆွေးနွေးနိုင်ရန် စာတမ်းများ တောင်းခံရရှိခဲ့ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လေ့လာဆန်းစစ်မှုအရ နိုင်ငံတကာ၌ ကျင့်သုံးသော အခြေခံရွေးကောက်ပွဲစနစ်တွင် အုပ်စုသုံးခုရှိပြီး မဲအများဆုံးရသူ အရွေးခံရသည့်စနစ် (Plurality / Majority System) ၊ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System) နှင့် ရောနှော ထားသောစနစ် (Mixed System) တို့ဖြစ်ကြောင်း၊ ထိုနေရာတွင် မဲအများဆုံးရသူ အနိုင်ရသည့်စနစ် FPTP ၏ အဓိကအားနည်းချက်အဖြစ် မဲကျန်(လေလွင့်မဲ)ကို ထောက်ပြကြကြောင်း၊ ဥပမာ ရွေးကောက်ပွဲ တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသူ ကိုယ်စားလှယ်လောင်းလေးဦးအနက် ခိုင်လုံမဲ ၁၀၀ မှာ ဦးဖြူ က ၄၀ မဲ ၊ ဦးနီ ၃၀ မဲ ၊ ဦးညို ၂၀ မဲ နှင့် ဦးဝါ ၁၀ မဲ ရရှိပါက ၄၀ မဲ ရရှိသည့် ဦးဖြူက အနိုင်ရမည်ဖြစ်ကြောင်း၊ ဦးဖြူသည်ရရှိသည့် ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းဖြင့် အနိုင်ရခြင်းဖြစ်ပြီး မဲကျန်(လေလွင့်မဲ) ၆၀ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဦးဖြူအနိုင်ရရှိခြင်းကို ဆန်းစစ်ပါက ယှဉ်ပြိုင်သူလေးဦးအနက် ဦးဖြူက မဲဆန္ဒရှင်များပေးသော မဲအများဆုံးရရှိကာနိုင်ခြင်းဖြစ်သော်လည်း ဦးဖြူကို မဲမပေးသည့် မဲဆန္ဒ ရှင် လူနည်းစုသုံးစုဖြစ်သော ဦးနီ၊ ဦးညိုနှင့်ဦးဝါကို မဲပေးသူများကို ပေါင်းလိုက်ပါက ၆၀ ရာခိုင်နှုန်းရှိပြီး မဲဆန္ဒရှင်လူများစုအဖြစ် တွေ့ရမည်ဖြစ်၍ ဦးဖြူအနိုင်ရခြင်းက တရားမျှတပါသလားဟု စောဒက တက်နိုင်ကြောင်း၊ ထို့ကြောင့် FPTP စနစ်သည် လူများစု၏ ဆန္ဒကို မှန်မှန်ကန်ကန် ရရှိစေမည်ဆိုသည့် အာမခံချက်မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုးတွင် အချိုးကျကိုယ်စားပြုစနစ် (PR) သဘောတရားအတိုင်း မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာသတ်မှတ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ရွေးချယ်ရန်အတွက် A ပါတီ ၊ B ပါတီ ၊ C ပါတီနှင့် D တစ်သီးပုဂ္ဂလလေးဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ပြီး မဲရလဒ်ကလည်း A ပါတီ ၄၀ ရာခိုင်နှုန်း၊ B ပါတီ ၃၀ ရာခိုင်နှုန်း၊ C ပါတီ ၂၀ ရာခိုင်နှုန်းနှင့် D တစ်သီးပုဂ္ဂလ တို့က ၁၀ ရာခိုင်နှုန်း ရမည်ဆိုပါက A ပါတီက ကိုယ်စားလှယ်လေးဦး ၊ B ပါတီက ကိုယ်စားလှယ်သုံး ဦး၊ C ပါတီကကိုယ်စားလှယ်နှစ်ဦးနှင့် D တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး အရွေးခံရမည်ဖြစ်၍ရရှိသည့် ဆန္ဒမဲအချိုးကျ အတိုင်း ကိုယ်စားလှယ်ရရှိမှာဖြစ်ပြီး မဲလေလွင့်ဆုံးရှုံးမှုမရှိဘဲ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုဖော်ပြနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၅-၁၁- ၂၀၂၁ ရက်နေ့ နှင့် ၆- ၁၁- ၂၀၂၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ၊ မင်္ဂလာခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများပါဝင်သော ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့သည့် အခြေအနေကို တင်ပြလိုကြောင်း၊ ဆွေးနွေးပွဲအခမ်းအနား ပထမနေ့တွင် နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူ အရပ်ဘက်ကိုယ်စားလှယ်များ စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ပြီး ဒုတိယနေ့တွင် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ်နှင့် စိတ်ပါဝင်စားသူ အရပ်ဘက် ကိုယ်စားလှယ်များ စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ကြကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲ စနစ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လေ့လာတွေ့ရှိချက်များ ၊ လက်ရှိဆောင်ရွက် မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် မူဝါဒဆိုင်ရာများကိုလည်းကောင်း ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အချိုးကျကိုယ်စားပြုစနစ်ကို လွှတ်တော်သုံးရပ်လုံးတွင် ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် မဲဆန္ဒနယ်ခွဲဝေခြင်း အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နိုင်မည့် နည်းလမ်းပုံစံများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ ကလည်း အကြံပြုထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။
ပြုလုပ်ခဲ့သောဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလတို့တွင် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးသဘောတူပြီးဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံး ဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်းပြီး နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများက စာတမ်းများ ဖတ်ကြား ဆွေးနွေးပြီး မြန်မာနိုင်ငံနှင့် သင့်လျော်ညီညွတ်သည့် PR ဒီဇိုင်း အကြံပြုချက်များ တောင်းခံခြင်းဖြစ် ကြောင်း၊ နောက်တစ်လ၊ နှစ်လအကြာမှာလည်း ယခုကဲ့သို့ နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများကို ဖိတ်ကြားပြီး သက်ဆိုင်ရာလွှတ်တော်များအလိုက် ဆောင်ရွက်မည့် ရွေးကောက်ပွဲဒီဇိုင်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြုလျက်ရှိသည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလတွင် အတွဲ(၁)အဖြစ် ပုံနှိပ်ထုတ်ဝေထားသော စာအုပ်ကိုလည်း ဖတ်ရှုလေ့လာကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အရေးယူဆောင်ရွက်မှုအခြေအနေ
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှု များနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ကျူးလွန်ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်ပါ ၁၆ ဦးတို့ကို ၎င်းတို့ ကျူးလွန်ခဲ့မှုများအရ တည်ဆဲဥပဒေများနှင့် အညီ သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှစပြီး တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိကြောင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့တရားစွဲဆို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျူးလွန်သူပုဂ္ဂိုလ်များက ကျူးလွန်ခဲ့သည့် ပြစ်မှု ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်းပြီး အကျဉ်းချုပ် ရှင်းလင်းတင်ပြလိုပါကြောင်း၊ နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၃၉၉ (ဃ)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (င)၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက် ပွဲဥပဒေ ပုဒ်မ ၁၃ မှ ၂၁ ထိပါ မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ကျော်လွန်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲဆန္ဒရှင် စာရင်းများပြုစုချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးဟူသော အကြောင်းပြချက်ဖြင့် မဲဆန္ဒရှင် စာရင်း များ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်း၍ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ပြောကြားသည်။
ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄- ၈- ၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၇ / ၄၆၄- အထွေထွေ/အဖရ (၂၀၂၀)နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်နေသော ဝန်ကြီးချုပ်များကို အဖွဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး အဖွဲ့ဝင် ငါးဦး ပါဝင်သော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြောင်း၊ ထိုညွှန်ကြားစာအရ တာဝန်ပေးအပ်ခဲ့သောဝန်ကြီးချုပ်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ မဲစာရင်းပြုစုခြင်းအပေါ် မလျော်ဩဇာသုံးစွက်ဖက်ခြင်း၊ ဝန်ကြီးချုပ်များ၏ အရှိန်အဝါဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များက ရွေးကောက်ပွဲဖြစ်စဉ်များ၌ ပါဝင်စွက်ဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၉(ဃ) ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့ သည်ကို တွေ့ရကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင် နှင့် ဦးသန်းဌေးတို့သည် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရာတွင် သမ္မတဟောင်း ဦးဝင်းမြင့်၏ အကြံပြုချက်အတိုင်း “ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍” “ အနည်းဆုံး ရက်ပေါင်း ၉၀ ထက် မနည်း” ဟု ပြောင်းလဲပြင်ဆင်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း၊ မဲမသမာမှုများ ဖြစ်ပေါ်စေသည့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်ဆန္ဒမဲပေးခွင့်ပြုခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများနှင့် စပ်လျဉ်းသည့် အကြောင်းကြားစာနှင့် အမှုတွဲများကို ရွေးကောက်ပွဲကန့်ကွက်လွှာ လျှောက်ထားသူများနှင့် လျှောက်ထားခံရသူများထံ တစ်ပြေးညီ စာတိုက်မှပေးပို့ရန်ဖြစ်သော်လည်း ကရင်ပြည်နယ်၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းအတွက် အကြောင်း ကြားစာကို အမျိုးသားလွှတ်တော်သို့ လူကိုယ်တိုင် သွားရောက်ပို့ဆောင်စေခိုင်းခြင်း ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း / ဒေသ ၊ ခရိုင် ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်လျာထားအမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအသစ်နှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(ဒုတိယညွှန်ကြားရေးမှူး)တို့က ဝန်ကြီးချုပ်များထံ သွားရောက်တင်ပြ အတည်ပြုချက်ရယူ ပေးပို့ရန် လမ်းညွှန် ချက်(လျှို့ဝှက်)ဖြင့် ပေးပို့စေခိုင်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ ခွဲများ ဖွဲ့စည်းရန်အတွက် အများယုံကြည်လေးစားခံရသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းများ ပြန်လည်စိစစ် ရွေးချယ်ပေးပို့ရန် ဝန်ကြီးချုပ်များထံ တောင်းခံခြင်း ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှုမရှိဘဲ မဲစာရင်းတွင် ထည့်သွင်းပေးရန် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများကို ဖိအားပေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အလိုအထိ မဲစာရင်းတွင် ထည့်သွင်းစေခြင်းအပါအဝင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ညွှန်ကြားဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/၂၀၁၇)ဖြင့် မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းကြောင်း ကြေညာခဲ့သော်လည်း မကျေနပ်၍ ကန့်ကွက် ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခန့်အပ်သော မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် သုံးဦးကို လက်မခံနိုင်ကြောင်းနှင့် ပြန်လည်အစားထိုးခန့်အပ်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ရုံး၏ ၂၁-၁၁-၂၀၁၇ ရက်စွဲပါစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ပေးပို့ခဲ့ရာ ကော်မရှင်၏
၄-၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇)ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ရခြင်း၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်နှင့်သာ ညှိနှိုင်းဆောင်ရွက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၈- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၄၄/၂၀၁၇) နှင့် (၄၅/၂၀၁၇) တို့ဖြင့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းမှုကို ကောက်နုတ်ပယ်ဖျက်ခဲ့ပြီး၂၂-၁၂-၂၀၁၇ ရက်စွဲပါကြေညာချက်အမှတ်(၅၄/၂၀၁၇)ဖြင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများကို ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်းဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၂ ၊ ၁၄ ၊ ၁၆ တို့ကို ကျူးလွန်ဖောက်ဖျက်ခြင်း၊ အမရပူရမြို့နယ်တွင် မဲစာရင်းမပါဝင်သူ ရှစ်ဦးကို ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို ၇-၁၁- ၂၀၂၀ ရက်နေ့တွင် မဲစာရင်းထည့်သွင်းပေးရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး၏ ၇- ၁၁- ၂၀၂၀ ရက်စွဲပါစာဖြင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံ အကြောင်းကြားခြင်းဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင် ခွင့်ကို ဝင်ရောက်စွက်ဖက်မလျော်ဩဇာသုံးခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်ပါ ၁၆ ဦးတို့အပေါ် အရေးယူဆောင်ရွက်မှုအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ (က) နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်ဟောင်း ဦးအောင်မြင့်ထွန်းနှင့် ဦးညီထွန်းတို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၂ ၊ ၁၄ ၊ ၁၆ ပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်ပြီး ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် ခရိုင် ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရန် အမည်စာရင်းပေးပို့ခဲ့ကြပြီး ၎င်းတို့ပေးပို့သည့် အမည်စာရင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ဖွဲ့စည်းပေးခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ၊ ၁၂ ၊ ၁၄ နှင့် ၁၆ တို့ပါ ပြဋ္ဌာန်းချက်များကို လျော်ကန်သင့်မြတ်သော ခွင့်ပြုချက်မရှိဘဲ ဆန့်ကျင်ကျူးလွန်ခဲ့ကြောင်း၊ (ခ) ထို့အတူ ပြည်ထောင်စုနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလေးဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတစ်ဦး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတစ်ဦး၊ NLD ပါတီစည်းရုံးရေးမှူးတစ်ဦး၊ NLD ပါတီ မြို့နယ် ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် ပါတီဝင်နှစ်ဦး ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးတို့အပေါ် ၎င်းတို့ ကျူးလွန် သော ပြစ်မှုများအရ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ အမှုဖွင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြောကြားသည်။
ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့သော မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အကျဉ်းချုပ်ကို ရိုက်နှိပ်ထုတ်ဝေထားပြီးဖြစ်၍ လေ့လာဖတ်ရှုနိုင်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ်အမှတ် (၅) အရ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးဟာ အရေးကြီးသည့် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်းများကို စိစစ်ရာတွင် မဲမသမာမှုဖြစ် နိုင်သော မဲစာရင်း ၁၁ ဒသမ ၃ သန်းကျော်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုမဲစာရင်းများကို သန့်စင်နုတ်ပယ် ထားသော မဲစာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးကို ပေးပို့ထားပြီး လာမည့် ရွေးကောက်ပွဲ၌ အသုံးပြုမည့်မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရအဓိကတာဝန်ရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာဌာနအသီးသီးတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြုစုပြီးဖြစ်သည့် အခြေခံ မဲစာရင်းများကိုလည်း သက်ဆိုင်ရာ မြို့နယ်အခြေစိုက် နိုင်ငံရေးပါတီများ၏ ပူးပေါင်းပါဝင်စိစစ်မှုနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု
ဆက်လက်ပြီး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှုအခြေအနေကို တင်ပြ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခင်ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ များ၏ အားနည်းချက်များကို သုံးသပ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို ပိုမိုကောင်းမွန် အဆင် ပြေအောင် ကျင်းပနိုင်ရန် ဥပဒေမူဘောင်အရ လိုအပ်သည်များကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲစာရင်းပြုစုခြင်း နှင့် စိစစ်ခြင်းအပိုင်းများကိုလည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံး ရာမှာ ဥပဒေနှင့်အညီ စည်းကမ်းစနစ်တကျရှိစေရန်အတွက်လည်းကောင်း၊ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ ပေးခြင်း၊ မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များ စနစ်တကျ ဖြစ်စေရန်လည်းကောင်း သုံးသပ်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲများမှာ မြန်မာနိုင်ငံ၏ ကိုက်ညီသင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးပါက သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေများကို လိုက်လျောညီထွေ ပြင်ဆင် နိုင်ရေးကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အလားတူနိုင်ငံရေးပါတီများ တည်ထောင် မှတ်ပုံတင် ခြင်း ၊ ပါတီဝင်အင်အား စုဆောင်းခြင်းနှင့် ပါတီလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကိုလည်း သုံးသပ်ပြင်ဆင် ဆောင်ရွက်ထား ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း ပုဒ်မ ၃၆၉ (ခ) နှင့် အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း အခန်း ပုဒ်မ ၃၉၆ ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်းရေးဆွဲပြီးဖြစ်ကြောင်း ပြောကြားသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် (၁)ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်ရန် ကျန်လုပ်ငန်းအချို့ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ လုပ်ငန်းစဉ်(၅)ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များကို သုံးသပ်၊ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်းများ၊ အခြေခံမဲစာရင်းပြုစုခြင်းများ၊ လူသား အရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းအင်အား တိုးချဲ့ဖြည့်တင်းခြင်းများ၊ လေ့ကျင့် သင်တန်းပေးခြင်းများနှင့် အခြေခံအဆောက်အအုံဖြစ်သည့် အခြေစိုက်ရုံးဌာနများ ဆောက်လုပ်ခြင်း၊ လိုအပ်သောအုပ်ချုပ်ထောက်ပံ့ မှုများ ဖြည့်ဆည်းဆောင်ရွက်ခြင်း စစ်ဆေးကြပ်မတ်ခြင်းတွေကို အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)