(၂၄)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

(၂၄)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

=============================================

နေပြည်တော် နိုဝင်ဘာ ၆

 

(၂၄) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ၂၀၂၀ ပြည့် နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ် သည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ၊ အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီးဖြစ် သော ဒေါက်တာဒေါ်ခင်ကြည်ပြာ (ပါမောက္ခချုပ်) အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပါဝင် တက်ရောက်ကြသည်။

အစည်းအဝေး၌ အာဆီယံလူမှု ရေး - ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် ၏ ဦးစားပေးကဏ္ဍများ၊၂၀၂၀ ပြည့်နှစ် အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ် များ၊ (၃၇)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်ကြီးများက အတည်ပြု မည့် ကြေညာချက်များနှင့် မှတ်တမ်း တင်ရှိမည့် လုပ်ငန်းစဉ်များအား အတည်ပြု ဆွေးနွေးခဲ့ကြသည်။

(၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ကြေညာ မည့် “Hanoi Declaration” နှင့် “Narrative of ASEAN” ကြေညာချက် များအပေါ် ဆွေးနွေးအတည်ပြုပြီး အာဆီယံဒေသတွင်းဆိုင်ရာ အမျိုး သမီးများဘဝတိုးတက်၍ လုံခြုံမှုရရှိ စေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များ တိုးတက်ရရှိရေး၊ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ ကိစ္စရပ်များ၊ လူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ အပါ အဝင် လုပ်ငန်းစဉ် ၁၀ ခုအား မှတ်တမ်း တင်ရှိရေး အတည်ပြုဆွေးနွေးခဲ့ကြ သည်။

 

ထို့ပြင် တီမောလက်စ်တေနိုင်ငံ အား အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားလာမှုနှင့် စပ်လျဉ်း၍ လုပ်ဆောင်ချက်များ၊ အာဆီယံဒေသ တွင်း မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ ၂၀၂၅ နှင့် အာဆီယံသုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ သက်ရောက်မှုအပေါ် ရန်ပုံငွေ တည်ထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံမှ ပူးပေါင်းဆောင်ရွက်မှုများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ယခုနှစ် သည် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ လုပ်ငန်း အခြေပြမြေပုံ ၂၀၂၅ ပါ လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ၂၀၁၆ - ၂၀၂၀ ကာလအတွက် နှစ်လယ်အကဲဖြတ်မှု၊ တိုးတက်မှုတို့ကို အကဲဖြတ်ဆန်းစစ် ၍ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် လုပ်ငန်းများ၏ အကျိုးသက်ရောက်မှု များကို ပြန်လည်ဆန်းစစ်ဆောင်ရွက် သည့်အတွက်ကြောင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် အဖွဲ့ဝင်နိုင်ငံများ၏ အားသာ ချက်၊ အားနည်းချက်များကို ပြန်လည် ဆန်းစစ်နိုင်ခဲ့၍ ဒေသတွင်းနိုင်ငံများ အတွက် အရေးပါသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ ငါးနှစ်တာကာလ အတွင်း ဆောင်ရွက်ချက် ရလဒ်များကို အခြေခံပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံအဆင့် ရည်မှန်းချက် ပန်းတိုင် များ အကောင်အထည်ဖော်ရန်နှင့် နောင်အနာဂတ် ငါးနှစ်တာကာလ အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အခြေပြမြေပုံပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကာကွယ် တားဆီးခြင်းယဉ်ကျေးမှု (Culture of Prevention- CoP) ကြေညာချက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ခြောက်ခု နှင့်စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံပါ ကြောင်း၊ အခြေပြမြေပုံပါ လုပ်ငန်းစဉ် များနှင့်အညီ လူမှုရေး-စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေးအတွက် နိုင်ငံပေါင်းစုံပါဝင်သော ပူးပေါင်း ဆောင်ရွက်ရေးကို အထောက်အကူပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ အောင်မြင် စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်များကို ဆက်လက် ဆောင်ရွက်ကြ မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။

 

အဆိုပါ အစည်းအဝေးမတိုင်မီ (၂၉) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေး(29th SOCA Meeting) နှင့် (3rd Working Group on Culture of Prevention (CoP) အစည်းအဝေး တို့ကို နိုဝင်ဘာ ၅ ရက်တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ သတင်းစဉ်