၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၂ သင်းဖြင့် ကျင်းပမည်

 

ရန်ကုန်  ဇန်နဝါရီ  ၁၆
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကို ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်သည် နောက်ဆုံးကျင်းပသည့် ၂၀၂၃ ရာသီ တွင်  ပါဝင်ယှဉ်ပြိုင်သည့် အသင်းအရေအတွက်အတိုင်း  ဆက်လက်  ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ  ရှမ်းယူနိုက်တက်အသင်း  အပါ အဝင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ အား/ကာသိပ္ပံ၊ ဒဂုံစတား၊ မဟာယူနိုက်တက်၊ မြဝတီ၊  ရခိုင်ယူနိုက်တက်၊    ဧရာဝတီ ယူနိုက်တက်၊ ရတနာပုံအသင်းတို့အပြင် တန်းတက်အသင်းများဖြစ်သည့် သစ္စာအားမာန်အသင်းနှင့် Dagon Port အသင်းတို့လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၂၃ ရာသီ MNL-2 ပြိုင်ပွဲအပြီးတွင် ချန်ပီယံ သစ္စာအားမာန်အသင်းနှင့် ဒုတိယဆုရ တက္ကသိုလ်အသင်းတို့ တန်းတက် ခွင့်ရသော်လည်း တက္ကသိုလ်အသင်း တန်းတက်မကစားသဖြင့် တတိယ ရသည့်  Dagon Port  အသင်း    အစားထိုးတန်းတက်ခွင့်ရခဲ့ခြင်းဖြစ် သည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL အမှတ်ပေးပြိုင်ပွဲကို လာမည့် ရာသီမှစတင်ကာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ် တို့က သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ကျင်းပမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်တွင် စတင်ကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် ပြီးဆုံးမည်ဖြစ်သည်။ လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကို ရန်ကုန်မြို့အပြင် တောင်ကြီးနှင့်ပုသိမ်မြို့တို့တွင်လည်း ကျင်းပ မည်ဖြစ်ရာ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ အိမ်ကွင်းလက်ခံ ကစားခွင့်ရမည်ဖြစ်သည်။ နောက်ဆုံးကျင်းပသည့် ၂၀၂၃ ရာသီ MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ချန်ပီယံဖြစ်ခဲ့ပြီး အမှတ်ပေးချန်ပီယံ ဆုကို   စံချိန်တင်  လေးရာသီဆက်၊ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် နှစ်ရာသီဆက်တိုက်နှင့် သုံးကြိမ်မြောက်တို့ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 
MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင်  စတင်ကျင်းပခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်တွင်  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းက ငါးကြိမ်စီ၊ ရတနာပုံအသင်းက လေးကြိမ် ဗိုလ်စွဲထားသည်။ MNL အမှတ်ပေးချန်ပီယံဆုကို အသင်းသုံးသင်းသာ ရရှိဖူးပြီး ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးခြောက်ရာသီတွင် ငါးကြိမ်အထိ ဗိုလ်စွဲထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး