၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်များ ဆက်လက်ဖြေဆို

 

နေပြည်တော်  မတ်   ၁၆


၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ   ယနေ့တွင်   သတ္တမနေ့အဖြစ်   ပထဝီဝင် ဘာသာရပ် ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ   အခြေခံပညာ အထက်တန်းကျောင်းများ၌  ကျောင်းသား ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။ 


ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား  ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း များနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စနစ်တကျ  ဆောင်ရွက်ကြသည်။  ယင်းသို့ ကျောင်းသား  ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း  အတွင်းနှင့်  အပြင်များ၌  သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ  အုပ်ချုပ် ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။


ယခုနှစ်တွင်    သတ္တမနေ့အဖြစ်    ပထဝီဝင်ဘာသာရပ်အတွက်  နိုင်ငံခြားစာစစ်ဌာန တစ်ခုနှင့် ပြည်တွင်း၌  စာစစ်ဌာန ၇၇၈ ခု စာစစ် ဌာန  စုစုပေါင်း ၇၇၉  ခု   ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၄၄၉၄၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉၆၁၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒသမ ၁၅  ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


ထိုသို့  ကျောင်းသား  ကျောင်းသူများ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်