
နေပြည်တော် ဖေဖော်ဝါရီ ၂၂
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိ ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေး အတွက် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုနှစ်ဧပြီလတွင် ကျရောက် မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ နေပြည်တော်၌ ကျင်းပမည့် ယခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွား မည်ဖြစ်ပါကြောင်း။
လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်၌ ပထမဆုံး ထည့်သွင်းကျင်းပခြင်းဖြစ်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအငွေ့အသက်များ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပရာတွင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စနစ်တကျ သုံးသပ်စီမံ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်တွင် နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသနေပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ Brilliant Aura ကုမ္ပဏီမှ တာဝန်ရှိ သူနှင့် တက်ရောက်လာကြသူများက ယခုနှစ် နေပြည်တော်၌ ကျင်းပမည့် သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ အားလုံးပါဝင် ပျော်ရွှင် စေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
သတင်းစဉ်