
နေပြည်တော် သြဂုတ် ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့ သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေး တစ်စီး အား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲ တွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်ကလေး မှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။
အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ် ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ်ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် တစ်လသား အရွယ်တွင် အရပ်အမြင့် ၂ ပေ ၆ လက်မခွဲ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၃ လက်မ၊ ကိုယ်အလေးချိန်၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူ တော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူ တော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်