
မန္တလေး နိုဝင်ဘာ ၂၇
၂၀၂၁ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းအရှေ့တောင်ဘက်ရှိ နိုင်ငံတကာ အဆင့်မြင့် အားကစားခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြား၍ အမျိုးသား၊ အမျိုးသမီးခရိုင်အလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အဖွဲ့ဝင်တို့နှင့်အတူ ပြိုင်ပွဲဝင်အသင်းတို့အား ပိုက်ကျော်ခြင်းလုံးနှင့် ထောက်ပံ့ငွေများကို ပေးအပ် ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ကာ ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲ ပထမ ပွဲစဉ် မန္တလေးခရိုင်အသင်းနှင့် ကျောက်ဆည်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ အမျိုးသားပြိုင်ပွဲ သုံးယောက်တွဲ ယနေ့ ပွဲစဉ်တွင် မန္တလေးခရိုင်အသင်းက ကျောက်ဆည် ခရိုင်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြင်ဦး လွင်ခရိုင်အသင်းက ညောင်ဦးခရိုင်အသင်းကို နှစ်ပွဲ ပြတ်ဖြင့် လည်းကောင်း၊ မိတ္ထီလာခရိုင်အသင်းက ရမည်းသင်းခရိုင်အသင်းကို နှစ်ပွဲပြတ်တို့ဖြင့် လည်းကောင်း၊ ကျောက်ဆည်ခရိုင်အသင်းက ညောင်ဦးခရိုင်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊ မန္တလေးခရိုင်အသင်းက ပြင်ဦးလွင်ခရိုင် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မိတ္ထီလာ ခရိုင်အသင်းက မြင်းခြံခရိုင်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးခရိုင်အသင်းက ညောင်ဦး ခရိုင်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြင်ဦးလွင်ခရိုင်အသင်းက ကျောက်ဆည်ခရိုင်အသင်း ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရမည်းသင်း ခရိုင်အသင်းက မြင်းခြံအသင်းကို နှစ်ပွဲပြတ်တို့ဖြင့်အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်း ရှိ ခရိုင်ခုနစ်ခရိုင်မှ အမျိုးသား၊ အမျိုးသမီးအသင်း ခုနစ်သင်းစီ ပါဝင်ကြပြီး နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ ပွဲစဉ် တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန္တလေး)