
နေပြည်တော် ဒီဇင်ဘာ ၂၁
၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများပြပွဲ (Mini Gems Emporium) ပဉ္စမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်- ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများကို လည်းကောင်း လွတ်လပ်စွာ စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ပြပွဲ စတုတ္ထနေ့တွင် ကျောက်စိမ်း အတွဲအမှတ် (၂၅၁) မှ (၅၀၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ ရာ ကျောက်စိမ်းအတွဲပေါင်း ၁၉၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာပြီး ယနေ့ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် (၅၀၁) မှ (၇၈၀) အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေး ခဲ့ရာ ပြည်တွင်း/ပြည်ပရတနာကုန်သည် များက ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေး ကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြ သည်။
ထို့နောက် ကျောက်စိမ်းအတွဲအမှတ် (၅၀၁) မှ (၇၈၀)အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဒီဇင်ဘာ ၂၂ ရက် တွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲ များအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ ကို ပြည်တွင်း/ ပြည်ပရတနာကုန်သည်များ စိတ်ကြိုက်လေ့လာ ဝယ်ယူနိုင်စေရန် ခင်းကျင်းပြသပေးခဲ့ပြီး ပြပွဲ ဒုတိယနေ့မှ စတင်၍ ပုလဲအတွဲအမှတ် (၁) မှ (၂၂၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ကို လည်းကောင်း၊ တတိယနေ့တွင် ပုလဲ အတွဲအမှတ် (၂၂၁) မှ (၃၃၀) အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၁၁၀ နှင့် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၂၅၀) အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ပေါင်း ၁၉၉ တွဲကို လည်းကောင်း ရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်း - အေးအေးဝင်း
ဓာတ်ပုံ - ကိုကိုနော်