၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 

=======================================

 

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ အောက်တိုဘာ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဆရာများကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုသည့် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါ ကြောင်း၊ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးတို့ အား ရိုသေစွာဂါရဝပြုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးမှုအပေါ် တည်မှီ လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားလာအောင်၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်လာအောင် အဓိက စွမ်းဆောင် ပေးနိုင်သည့် ပုဂ္ဂိုလ်များသည် ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ၊ IQ၊ EQ များအတွက် မည်သို့ တစ်သက်တာ သင်ယူရမည်ဆိုသည်ကို ဖြန့်ဝေပေးနေကြသည့် မြတ်ဆရာ များပင်ဖြစ်ပါကြောင်း၊ ဆရာများသည် နိုင်ငံတစ်နိုင်ငံ အတွက် အရည်အသွေးပြည့်ဝသည့် လူငယ်များကို မွေးထုတ် ပေးရုံသာမက ကမ္ဘာတစ်ဝန်းမှာပင်ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံ မှာပင်ဖြစ်ဖြစ် အခက်အခဲအကျပ်အတည်းများ၊ ကပ်ဘေး ဒုက္ခများနှင့် ကြုံတွေ့ရသည့်အခါတွင်လည်း အသိပညာ ဖြန့်ဝေပူးပေါင်းဆောင်ရွက်ပြီး ယင်းအခက်အခဲများ၊ ဘေးဒုက္ခများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဦးဆောင်မှုပေး ကြသူများလည်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဆရာ များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးနေကြ သူများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဆရာများကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားဖြစ်

ယနေ့ကမ္ဘာကြီးတွင် စီးပွားရေးအားပြိုင်မှုများ၊ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာသည့် နည်းပညာများ၊ ရာသီဥတုပြောင်းလဲမှုများ၊ မသေချာ မရေရာမှုများနှင့် သဘာဝဘေးအန္တရာယ်များ စသည့် စိန်ခေါ်မှုကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ပို၍ဆိုးရွား သော စိန်ခေါ်မှုကြီးသည် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများ အပေါ် ကြီးမားသည့်ဖိစီးမှုများ ကျရောက်စေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး အကျပ်အတည်းကြီးဖြစ်ပါ ကြောင်း၊ ၂ဝ၁၉ ခုနှစ် ကုန်ပိုင်းလောက်က စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခု ၂ဝ၂ဝ ပြည့်နှစ် တစ်နှစ် လုံးတွင် အလုပ်အကိုင်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း ဆုံးရှုံးမှုများ၊ ဆင်းရဲနွမ်းပါးမှုများကို ဆိုးဆိုးရွားရွား ဖြစ်ပေါ် စေခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုကို လည်း ကြီးမားသည့်အဟန့်အတားဖြစ်စေခဲ့ပါကြောင်း၊ ကပ်ရောဂါဆိုးကြီး စတင်ခဲ့ပြီး ကိုးလကြာကာလအတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃၅ သန်းကျော် ရှိလာကာ ရောဂါပိုးရှိပြီး ပိုးတွေ့လူနာ သေဆုံးသူဦးရေ တစ်သန်းကျော် ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လည်း ဓာတ်ခွဲအတည်ပြုလူနာ ၁၇၇၉၄ ဦးရှိလာ၍ သေဆုံး သူ ၄၁၂ ဦးရှိပါကြောင်း၊ယခုလို ကမ္ဘာကြီးကို စိန်ခေါ်နေသည့် ကပ်ရောဂါဘေးဆိုးကြီးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့က စုစည်းညီညွတ်သည့် မိသားစုစိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ရန် ကြိုးပမ်းလျက်ရှိပါ ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထူးအေဂျင်စီ ကြီးများဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလ သမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့-ယူနက်စကို (UNESCO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ုပုံငွေအဖွဲ့(UNICEF)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)စသည့် အဖွဲ့အစည်းအသီးသီးကလည်း မိမိတို့ နှင့်သက်ဆိုင်သည့် ကဏ္ဍကနေပြီး ကပ်ဘေးဆိုးကြီးကို ကျော်လွှားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြပါ ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကျန်းမာရေး၊ နည်းပညာ၊ ဝိဇ္ဇာသိပ္ပံ၊ နည်းပညာနှင့် သက်မွေး၊ အခြေခံပညာစသည့် နယ်ပယ်အသီးသီးက ဆရာများ၏ ဦးဆောင်မှုဖြင့် ကပ်ဘေး များကိုကျော်လွှားပြီး အနာဂတ်ကို ပုံဖော်တည်ဆောက် ကြရမည် ဖြစ်ပါ ကြောင်း၊ ယခုလို အခြေအနေအချိန်အခါတွင် ကပ်ဘေးရန်ကို ကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကို ပုံဖော် ကြရမည့် ဆရာများ၏ အခန်းကဏ္ဍကို မြှင့်တင်သည့်အနေ ဖြင့် "ဦးဆောင်ကျော်လွှား ကပ်ဘေးများ၊ အနာဂတ် ပုံဖော် ဆရာများ" (Teachers: Leading in crisis, reimagining the future) ဆိုသည့် ဆောင်ပုဒ်သည် ယခုနှစ်ကမ္ဘာ့ဆရာ များနေ့၏ ဆောင်ပုဒ်အဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါ ကြောင်း။

လူ့ဘောင်လောကအတွင်း အချိန်အခါ နေရာဒေသ မရွေး ဆရာအတတ် ဆရာအလုပ်နှင့် အသက်မွေးဝမ်း ကျောင်းပြုရခြင်းသည် သမ္မာအာဇီဝဖြစ်ပြီး အင်မတန် မွန်မြတ်သည့် ဂုဏ်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့လူဘောင် တွင်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ "သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ" ဟူ၍ရှိပြီး ဆရာဟူသမျှကို အစဉ် လေးစားကြည်ညို၊ ရိုသေကိုင်းရှိုင်းကြခြင်းဖြစ်ပါကြောင်း၊ ဆရာများကို အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် တန်းတူတန်ဖိုးထားလေးစား သတ်မှတ်ထားကြခြင်းဖြစ်ပါ ကြောင်း၊ ဆရာများသည် အများ၏ စံပြုထိုက်သူ၊ အများကို ဦးစီးဦးဆောင်ပြုနိုင်သူများအဖြစ် အသိအမှတ်ပြုထား ကြပါကြောင်း။

ကပ်ဘေးများကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကို အဘက်ဘက်က ပြန်လည်တည်ဆောက်ကြရာတွင် ပညာရေးသည် အရေးပါသည့်အခန်းကဏ္ဍက ရှိနေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ကြမည့် ဆရာများသည် ကျန်းမာရေးကောင်းမွန်ပြီး ပညာရည်၊ နှလုံးရည်ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ပညာရေးတွင် ဆရာများ၏အရေးကြီးပုံနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ပညာရေး လုပ်ငန်းရဲ့ သော့ချက်အကျဆုံးနေရာမှာ ရှိသူများကတော့ ဆရာများ ဖြစ်ပါတယ်။ ဆရာတွေဆိုတာ ပညာပြည့်ဝ နှလုံးလှဖို့လိုပါတယ်။ ပညာဆိုတာ လက်ဆင့်ကမ်းတဲ့အရာ ဖြစ်ပါတယ်။ လက်ဆင့်ကမ်းရာမှာ ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ လက်ဆင့်ကမ်းဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အရည်အသွေးကို ပြည့်ဝအောင် တစ်သက်တာ သင်ယူ ကြိုးစားပြီး ကိုယ်ရဲ့တပည့်တွေကို ကိုယ့်ထက်သာတဲ့သူတွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိစေချင်ပါတယ်။ ဆရာစားမချန်ပါနဲ့။ တကယ့်သိက္ခာရှိတဲ့ ဂုဏ်ရှိတဲ့ဆရာတွေဆိုတာ မိမိတို့ထက် ပိုတော်တဲ့တပည့်တွေကို မွေးထုတ်ပေးနိုင်တဲ့ ဆရာ ဆရာမ တွေပဲဖြစ်ပါတယ်။ ပညာရေးစီမံခန့်ခွဲသူတွေနဲ့ ဆရာ ဆရာမတွေဟာ ဦးဆောင်လမ်းပြနိုင်မှုအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေး ပြည့်ဝနေဖို့လည်း အစဉ်ကြိုးစား စေချင်ပါတယ်"ဟု ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ သည့် ပညာရေးဝန်ကြီးဌာန ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) တွင် မိန့်ကြားခဲ့ပါကြောင်း။

စံနမူနာပြ အသိအမှတ်ပြုခံယူ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် ပညာ သင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနှင့် အခြေခံပညာ ဆရာ ဆရာမ စုစုပေါင်း ၆၃ သန်းတို့ကို ထိခိုက်နစ်နာစေပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေးအလွန်ကာလ နိုင်ငံတော်၏ အနာဂတ်သည် ပညာရေးအရည်အသွေး ထိန်းသိမ်းမြှင့်တင်ပြီး အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေး မည့် ဆရာများအပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ဆရာများသည် အတန်းတွင်းမှာသာမက စာသင်ခန်းပြင်ပ ကျောင်းပြင်ပမှာပါ လူငယ်လူရွယ်များကို အသိပညာပေး မည့်သူ၊ ဦးဆောင်လမ်းပြမည့်သူဖြစ်နေရန် လိုပါကြောင်း၊ ဆရာများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စံနမူနာပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အမျှ လူ့အဖွဲ့အစည်းသည် ဆရာ၏ဦးဆောင်လမ်းညွှန်မှုကို တန်ဖိုးထားလေးစား အသိအမှတ်ပြုခံယူမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏အနာဂတ်ကိုပုံဖော်ရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေး အထူးအစီအစဉ်များကို ချမှတ်ပြီး အလေးပေး လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှ မရှိစေရေး၊ မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးနှင့် သင်ယူမှုမဆုံးရှုံးစေရေးတို့ကို မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံး တွင်ရှိသည့် ကျောင်းသားများ၏ စဉ်ဆက်မပြတ် သင်ယူမှု အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ကာလဒေသ အခြေအနေ လိုက်လျောညီထွေရှိသည့် သင်ယူမှုနည်းလမ်း များ(Face-to-face learning, online learning, offline learning, blended learning)ကို အလေးပေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင် ရုပ်မြင် သံကြားသင်ခန်းစာများကို ပညာရေးဝန်ကြီးဌာန၏ ပညာရေးအစီအစဉ်(Education Channel)မှလည်းကောင်း၊ အွန်လိုင်းသင်ခန်းစာများကို မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း (Myanmar Digital Education Platform) မှလည်းကောင်း၊ အင်တာနက်မရနိုင်သည့် ကျောင်းသား များအတွက် DBE Boxes များနှင့်လည်းကောင်း စဉ်ဆက် မပြတ်သင်ယူနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ယင်းအပြင် နိုင်ငံပိုင်ရုပ်သံဌာနဖြစ်သည့် မြန်မာ့ ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံနှင့် ပုဂ္ဂလိက ရုပ်မြင် သံကြားအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် သင်ကြားပို့ချ ပေးကြမည့် ဆရာများသည် အဓိကအခန်းကဏ္ဍက ပါဝင်နေမည် ဖြစ်ပါကြောင်း။

ဆရာများသည် အရေးအကြီးဆုံး

အနာဂတ်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကျောင်းသားလူငယ်များ ၂၁ ရာစု ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ ရရှိအောင် စုပေါင်း တာဝန်ယူတာဝန်ခံပြီး အခက်အခဲများဖြေရှင်း၍ လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စုပေါင်းအားနှင့် ရုန်းကြရ မည်ဖြစ်ပါကြောင်း၊ လူငယ်များ အလုပ်အကိုင်ကောင်းများ ရရှိရေး၊ ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်လူငယ် များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်များ နည်းပညာဖွံ့ဖြိုး တိုးတက်မှုများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် စွမ်းရည် များရှိစေရေး၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာ နှင့် လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ စသည့် ပညာရေးကဏ္ဍ အသီးသီးကို အားဖြည့်မြှင့်တင်ရေးတို့တွင် ဆရာများသည် အရေးအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ပြောကြားလိုပါ ကြောင်း။

ဆရာများသည် ကျေးဇူးတင်ထိုက်သော ထာဝရဆရာ များအဖြစ် တပည့်များ၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူများ အားလုံးက တန်ဖိုးထား လေးစားအသိအမှတ်ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ် ကမ္ဘာ့ဆရာ များနေ့တွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာကြီး ဆရာမကြီး များ၊ ခွင့်ရက်မပျက် ဆရာမများကို ဂုဏ်ပြုချီးမြှင့်လျက်ရှိ ရာ ယခုနှစ်တွင်လည်း ကိုဗစ်အခြေအနေအရ အွန်လိုင်းမှ အသိအမှတ်ပြုကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမ ကြီး ဆရာကြီး ၁၄ ဦး၊ ခွင့်ရက်မပျက် ဆရာမ ခြောက်ဦး၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ နိုင်ငံတော်၏ လိုအပ်ချက် အရ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ်တို့တွင် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းပို့ချခြင်း၊ စာမေးပွဲ လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများအတွက် အခက်အခဲ များကြားက စွမ်းစွမ်းတမံ သွားရောက်တာဝန်ထမ်းခဲ့ကြ သည့် ဒေသအသီးသီးမှ တက္ကသိုလ် ဆရာ ဆရာမ စုစုပေါင်း ၅၅ ဦးတို့ကိုလည်း အွန်လိုင်းမှ အသိအမှတ်ပြု ကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ဆောင်ရွက်ထား သည်ကို အသိပေးအပ်ပါကြောင်း။

ရာထူးတိုးအခွင့်အလမ်း

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်း ချက်ပန်းတိုင်နှင့် မဟာဗျူဟာမြောက်အပြောင်းအလဲ ကိုးရပ် ဖြစ်သည့် မူကြိုနှင့် သူငယ်တန်းပညာရေး၊ အခြေခံ ပညာရေးအခွင့်အလမ်း၊ အရည်အသွေးနှင့် လူတိုင်းအကျုံး ဝင်မှု၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ ပညာရည် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများကျင်းပခြင်း၊ ဆရာအတတ်ပညာရေးနှင့် စီမံခန့်ခွဲမှု၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး၊ နည်းပညာနှင့် သက်မွေးပညာ ရေးနှင့် လေ့ကျင့်ရေး၊ အဆင့်မြင့် ပညာရေးနှင့် စီမံခန့်ခွဲ မှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေးအာမခံ မှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခြေခံပညာကဏ္ဍတွင် ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ကို ပြုစုရေးဆွဲ ခဲ့ပြီး အညွှန်းဘောင်၏ ပညာရပ်နယ်ပယ် လေးခုဖြစ်သည့် ဆရာအတတ်ပညာဆိုင်ရာ အသိပညာနှင့် နားလည် သဘောပေါက်မှု၊ ဆရာအတတ်ပညာဆိုင်ရာ ကျွမ်းကျင် မှုများနှင့် လက်တွေ့ကျင့်သုံးမှုများ၊ ဆရာအတတ်ပညာ ဆိုင်ရာ တန်ဖိုးထားမှုနှင့် သဘောထားခံယူချက်များနှင့် ဆရာအတတ်ပညာဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်မှုဟူ၍ နယ်ပယ်လေးရပ်ကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ အတတ်ပညာရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတွင် ပညာရေး ကောလိပ် ၂၅ ကျောင်းအား နှစ်နှစ်သင် ပညာရေးကောလိပ်မှ လေးနှစ်သင် ပညာရေးအထူးပြုဘွဲ့ပေးအပ်သော ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ပုံမှန်ရာထူးတိုး အခွင့်အလမ်းများဖြစ်သည့် ပညာအရည် အချင်းနှင့် ဆန္ဒပြုမှုများအရ သတ်မှတ်ချက်ကိုက်ညီသည့် မူလတန်းပြများသည် အလယ်တန်းပြ ရာထူးတိုးလျှောက် ထားနိုင်သလို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် အလယ်တန်းပြများသည် အထက်တန်းပြ ရာထူးတိုး လျှောက်ထားနိုင်သည့်အပြင် မူလတန်းပညာရေး၊ အလယ်တန်း ပညာရေးများတွင်လည်း ရာထူးတိုး အခွင့် အလမ်းများ ပညာအရည်အချင်းအရ ပိုမိုရွေးချယ်ပိုင်ခွင့် ရှိလာမည်ဖြစ်ပါကြောင်း။

ဘဝတစ်သက်တာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာ သာမက မေတ္တာ၊ ကရုဏာအပြည့်ဖြင့် တပည့်များကို သင်ကြားပို့ချပေးခဲ့ကြပြီး အငြိမ်းစားယူသွားကြသည့် ဆရာကြီး ဆရာမကြီးများ၊ မိမိတို့တာဝန်ထမ်းရာ ဒေသများ တွင် ပညာရေးတာဝန်များကို အခက်အခဲ အမျိုးမျိုးကြားက စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေကြသည့် ဆရာ ဆရာမ များအားလုံး ကပ်ဘေးအန္တရာယ်ကင်းဝေး၍ ကျန်းမာလုံခြုံမှု ရှိကြပါစေ၊ အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်မှု များ ဆွတ်ခူးနိုင်ကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းအသီးသီးတွင် မိမိတို့ကျရာ အခန်းကဏ္ဍက ပါဝင်အကျိုးပြုနိုင်ကြပါစေ၊ နိုင်ငံတော်နှင့် ပြည်သူများက ကျေးဇူးတင် တန်ဖိုးထားလေးစားခံရသူများ ဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသား ကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင် များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုး ထွန်းက မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်ကြီး ၁၄ ဦး၏ ဆောင်ရွက်မှုအကျဉ်းချုပ်၊ ၂၅ နှစ်နှင့်အထက် ကျောင်းတက်မပျက်သော ဆရာမ ခြောက်ဦး နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ သံတွဲ မြို့နှင့် သက္ကေပြင်တို့တွင် အဝေးသင် အနီးကပ်သင်တန်း ပို့ချခြင်းနှင့် စာမေးပွဲအောင်စာရင်း လုပ်ငန်းများအတွက် အခက်အခဲများကြားက စွမ်းစွမ်းတမံ သွားရောက်တာဝန် ထမ်းဆောင်ခဲ့သော ဆရာ ဆရာမများ၊ ဝန်ထမ်းများ ၅၅ ဦး၏ အမည်များကို တင်ပြသည်။

ယင်းနောက် ဆရာများအတွက် စံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ “ရှေ့ဆက်တက်လှမ်း အနာဂတ် လမ်း ပံ့ပိုးကူညီလက်တွဲမည်” ဗီဒီယိုပြသခဲ့ကြောင်း သိရသည်။ သတင်းစဉ်