နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်း ပွဲတွင် ပြောမည့်အကြောင်းအရာများမှာ (တစ်) PDF အပါအဝင်အဖွဲ့ အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ရခြင်းအခြေအနေ၊ (နှစ်) ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ (သုံး) တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များသာဖြစ်ကြောင်း၊ (တစ်) မှ (သုံး) အထိ မိမိအနေဖြင့် ရှင်းလင်းပြောပြသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍ ဖြစ်ကြောင်း၊ မေးခွန်းများမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန် ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မှုများ
ပထမဦးဆုံးအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများနှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်ခြင်းအပေါ် ပြောကြားလိုကြောင်း၊ မိမိတို့ နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့်နိုင်ငံဖြစ်ပြီး ညီညွတ်မှုအားနည်း ခဲ့သည့်အတွက် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုသည် ပတ်ဝန်းကျင်နိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် နိုင်ငံတော်သည် တိုးတက်သင့် သလောက် မတိုးတက်ဘဲ ထိခိုက်နစ်နာခဲ့ရပါကြောင်း၊ နိုင်ငံတော်က အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသည့် CRPH နှင့် NUG တို့သည် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး စိတ်ဓာတ်တက်ကြွ သည့်လူငယ်များကို ဝါဒရေးရာမှိုင်းတိုက်ပြီး အကြမ်းဖက်မှုကျူးလွန် စေရန်၊ နိုင်ငံတော်ကိုဆန့်ကျင်စေရန် ဆောင်ရွက်ခဲ့ကြောင်း၊ စည်းရုံး သိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ရပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက် ရေး အခန်းကဏ္ဍတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညီ ညွတ်ညွတ်နှင့် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ သတ်မှတ်စည်းကမ်းချက်များနှင့် ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝကို ပြန်လည်ဝင်ရောက်စေ နိုင်ရေးအတွက် သား၊ သမီးချင်း ကိုယ်ချင်းစာစိတ်အရ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တချို့သောမိဘပြည်သူများ၏ အစိုးရအပေါ် မေတ္တာရပ်ခံချက်များ၊ ရောက်ရှိဒေသများရှိ ဒေသခံတိုင်းရင်းသားများ ၏ မေတ္တာရပ်ခံချက်များ၊ နိုင်ငံ့အကျိုးကို လိုလားသူများ၏ မျှော်လင့် ချက်ကြောင့်လည်း ပါဝင်ပါကြောင်း၊ လက်ရှိ မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် ၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၁ ဦးနှင့် ကျုံပျော်မြို့တွင် ၈ ဦး၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ၁၅ ဦး၊ စုစုပေါင်း ၃၈ ဦး လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ မနေ့ကအထိ လက်ခံပြီးဖြစ်ကြောင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို သိမြင်လာပြီး မိဘ ရင်ခွင်ကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လက်ခံဆောင်ရွက် ပေးနေသည်ကို မီဒီယာများတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဆက်သွယ်မှုများ ပြုလုပ်နေသူများလည်း ရှိပါကြောင်း၊ ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း။
အဆိုပါဖြစ်စဉ်မျိုးသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူစဉ်အခါကလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် တပ်မတော်က နိုင်ငံတော်၏အာဏာ အရပ်ရပ်ကို ရယူလိုက်သည့်အခါ အစိုးရနှင့် တပ်မတော်၏ စေတနာ အမှန်ကို သံသယစိတ်နှင့် ယုံကြည်မှုမရှိဖြစ်လာအောင် သွေးထိုး လှုံ့ဆော်ခဲ့သည့်အတွက် ကျောင်းသားလူငယ်များသည် နယ်စပ်ဒေသ ကို အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါကြောင်း၊ ထွက်ပြေး တိမ်းရှောင်ရာဒေသတွင်ရှိသည့် ဒေသခံလက်နက်ကိုင်များ၊ အခြား အဖွဲ့အစည်းများထဲသို့ ရောက်သွားကြပြီး ၎င်းတို့ လူမှုဒုက္ခများနှင့် ရင်ဆိုင်နေရသည်ကို နီးစပ်ရာမိသားစု အသိုင်းအဝိုင်းများမှတစ်ဆင့် အစိုးရက ကြားသိခဲ့ရပါကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနှင့်လည်း မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ နယ်စပ် ဒေသကို တိမ်းရှောင်သွားသည့် ကျောင်းသား ကျောင်းသူများ မိဘ ရပ်ထံ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းတို့တွင် ရှိသည့် မြို့နယ် ၂၇ မြို့နယ်တွင် ကြိုဆိုရေးစခန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ ကြေညာသည့် ရက်ဖြစ်သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှ ၁၉၉၁ ခုနှစ် မတ် ၇ ရက်အထိ ပြန်လည်ဝင်ရောက်လာသည့် ကျောင်းသားပေါင်း ၃၃၅၄ ဦး၊ မိမိတို့၏အမှားကို မှားယွင်းသည့် လုပ်ရပ်ဟု သဘောပေါက်သိမြင်ပြီး လက်နက်ချ အလင်းဝင်လာသည့် ကျောင်းသား ၅၀၅ ဦး စုစုပေါင်း ၃၈၅၉ ဦးရှိကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း။
ကမ်းလှမ်းကြိုဆိုနေ
မသမာသူများ၏ သွေးဆောင်ဖြားယောင်းမှုများကြောင့် ကျောင်းသား ကျောင်းသူများ လမ်းမှားရောက်ခဲ့ကြောင်း၊ အစိုးရအနေ ဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည့်သူများ၊ တာဝန်ယူကြ မည့်ခေါင်းဆောင်များဟု ယုံကြည်ထားမှုကြောင့် ဆောင်ရွက်ပေးခဲ့ ကြောင်း၊ အဆိုပါကာလတွင် လမ်းမှားရောက်၍ ပြန်လည်ဝင်ရောက် လာသူများသည် လက်ရှိ သက်ရှိထင်ရှားရှိသူများလည်း ရှိပါကြောင်း၊ ကျောင်းသား လူငယ်များသည် ဖြူစင်ကြသူများဖြစ်ကြောင်း၊ နိုင်ငံ အတွင်း ထူးခြားသည့် သမိုင်းကြောင်းကိစ္စရပ်များတွင် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများက အစိုးရနှင့် အဆိုပါအစုအဖွဲ့များအကြား အထင် အမြင်လွဲမှားစေရေး ထိပ်တိုက်တွေ့စေရေးနည်းအမျိုးမျိုးနှင့် ဆောင်ရွက် ခဲ့ကြောင်း၊ နောက်ဆုံးတွင် နိုင်ငံရေးသမားများသည် ကျောင်းသား လူငယ်များကို အသုံးချသွားခဲ့ကြသည့် သူများချည်းသာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေနှင့် လမ်းမှားရောက်နေသည့် လက်ရှိ အသုံးချခံလူငယ်များကို ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် ကမ်းလှမ်းကြိုဆိုနေရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် PDF ထဲ ရောက်သွား သူများကို ပြန်လည်လက်ခံရန် အဘယ့်ကြောင့် စီစဉ်ရသနည်းဟု မီဒီယာများကရော၊ အခြား လူမှုအဖွဲ့အစည်းများကပါ မေးမြန်းကြ ပါကြောင်း၊ အဓိကအချက်မှာ မိဘများကြောင့် ဖြစ်ကြောင်း၊ မိမိတို့၏ သား၊ သမီးများ၊ ညီအစ်ကို မောင်နှမများ လမ်းမှားရောက်သွားလျှင် မည်သို့ခံစားရမည်၊ မည်သို့အဖမ်းခံရသည်၊ မည်သို့အပြစ်ပေးခံရသည်၊ ကယ်ပေးပါ စသဖြင့် တောင်းဆိုမှုများလည်း ရှိကြောင်း၊ နောက်တစ်ခု မှာ PDF များကို လက်ခံထားသည့် တချို့သော EAOs အဖွဲ့အစည်းများမှ အဖွဲ့ဝင်တချို့၏ ပြောကြားချက်များအရ ဖြစ်ပါကြောင်း၊ ၎င်းတို့ နယ်မြေဒေသတွင် ယင်းတို့နှင့် ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် အကြောင်း ပြောကြားလာမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ပြန်လည်လက်ခံဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိဘများနေရာက ဝင်ခံစားပြီး လက်ခံခြင်းဖြစ်သည်ကို သဘောပေါက်စေလိုကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့ ယခုကဲ့သို့ပြောကြားလိုက်တိုင်း “ဒါမျိုးဖြစ်စဉ်မျိုးမရှိဘူး။ မိဘတွေကိုယ်တိုင်က ပြောတယ်ဆိုတာ လိမ်လည်နေတာ ” စသည်ဖြင့် ပြောကြားမှုမျိုးများရှိနိုင်ပါကြောင်း။
ယခုရက်ပိုင်းအတွင်း ဖြစ်ခဲ့သည့်ဖြစ်စဉ်ကို ပြောကြားလိုပါ ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်နေရာ၌ ရဲဘော် ဆင်မကြီးဆိုသည့် PDF အဖွဲ့မှလူကို သတ်လိုက်သည့်အမှုကိစ္စ ဖြစ် ခဲ့ကြောင်း၊ ယင်းကိစ္စကို မဟုတ်ပါဘူးဟု ငြင်းလိုလျှင် ယခုပြသနေသည့် ပုံများသည် မိမိတို့ လုပ်ကြံဖန်တီးထားသည်များ မဟုတ်ကြောင်း၊ PDF များနှင့် တချို့သော EAOs အဖွဲ့အစည်းများမှ လူများကိုယ်တိုင် တင်ထားခြင်းဖြစ်ကြောင်း၊ ၎င်းကို မည်သည့်အတွက်ကြောင့် သတ် သည်၊ မည်သူကသတ်သည်ကို မေးခွန်းထုတ်လိုက်လျှင် အငြင်းပွားမှု များ ရပ်တန့်သွားမည် ဖြစ်ကြောင်း၊ ယင်းမှာ ဥပမာတစ်ခုကိုသာ ထုတ်ပြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းမှားရောက်နေသည့် လူငယ်လူရွယ်များအနေဖြင့် မိမိတို့အစိုးရက သားသမီးချင်း စာနာ စိတ်၊ နိုင်ငံသူနိုင်ငံသားချင်းစာနာစိတ်ဖြင့် ယခုကဲ့သို့ ဖိတ်ခေါ်နေသည့် အချိန်သည် အချိန်ကောင်းဖြစ်၍ ပြန်လည်ဝင်ရောက်စေလိုကြောင်း၊ ဒီမိုကရေစီတွင် သဘောထားကွဲလွဲမှု အမျိုးမျိုးရှိနိုင်ကြောင်း၊ ယင်းကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် ပြောကြား လိုကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ
ဆက်လက်ပြီး ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် သတင်းစာရှင်းလင်း ပွဲဆောင်ရွက်ခဲ့ရာတွင် ငြိမ်းချမ်းရေးဆိုင်ရာနှင့်ပတ်သက်ပြီး ပြောကြား ခဲ့သည်မှာ (၈) ကြိမ်ရှိပြီဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မိမိတို့ နိုင်ငံအတွက် အရေးကြီး၍ဖြစ်ကြောင်း၊ တပ်မတော်နှင့် နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်အတွက်လည်း အာမခံထားပြီးဖြစ်ကြောင်း၊ အစိုးရ က ဖော်ဆောင်နေသည့် ဒီမိုကရေစီဆိုသည်မှာလည်း တစ်ဒေသနှင့် တစ်ဒေသ၊ လူမျိုးတစ်ခုနှင့် တစ်ခုကြားထဲတွင် ညီမျှစွာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တူညီသည့်စနစ်ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း။
ခေတ်အဆက်ဆက်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းတွင် တွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်နိုင်ရေးဆောင်ရွက် ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ် လျက်ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေးနှင့် နှစ်ဖက်သဘော တူညီချက်များရရှိရေး စသည့်လုပ်ငန်းစဉ်အလိုက် ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ် ထားပြီး ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးက မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးအဆင့်တစ်ခုရောက်အောင် ဦးစီးဆောင်ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ပြောကြား ခဲ့သည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် “ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမယ်” ဟု ပြောကြားခဲ့ပြီး ငြိမ်းချမ်း ရေးတံခါးကို ပိုမိုဝင်ရောက်လာနိုင်စေရေး ဖွင့်လှစ်ပေးခဲ့ကြောင်း။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ
အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် NCA လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က တက်ရောက်မည်ဟု ပြန်ကြားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေ ၂၀ ရက်တွင် RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌ စဝ်ယွက်ဆစ် ဦးဆောင်သည့်အဖွဲ့နှင့် ပထမဦးဆုံးစတင်ဆွေးနွေးခဲ့ကြောင်း၊ ယင်း အဖွဲ့သည် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းရာတွင် ပထမဦးစွာ အပြုသဘော လက်ခံကြေညာချက်ထုတ်ခဲ့သည့် အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ကြောင်းကို အသိအမှတ်ပြုပြောကြားလိုပါကြောင်း၊ စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီ စနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးတို့အတွက် သွားနိုင်မည့်လမ်း၊ လုပ်နိုင်မည့်နည်းလမ်း၊ အခြေခံဥပဒေနှင့်အညီဆောင်ရွက်နိုင်မည့်အပေါ် ဆွေးနွေးခဲ့ကြသကဲ့သို့ ဒေသခံ များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအခက်အခဲအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချိန်ဇယား (Time Frame) ကို စနစ်တကျရေးဆွဲ ဆောင်ရွက်သွားမည့်အခြေအနေများကို လည်းကောင်း၊ မွန်ပြည်သစ် ပါတီ(NMSP)နှင့် ဆွေးနွေးရာတွင် ဖက်ဒရယ်နှင့်ဆိုင်သည့်မူများ၊ ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာကိစ္စ၊ ဒေသလုံခြုံရေး၊ တိုင်းရင်းသားဒေသ ပညာရေးစနစ်၊ တိုင်းပြည်တည်ငြိမ်ရေးလမ်းကြောင်းအပေါ် အထောက် အကူပြုနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်သည် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ ကျကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကိုလည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကော်မတီ)KNU/KNLA (PC) နှင့်တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ရရှိမှသာလျှင် နိုင်ငံတည်ဆောက် ရေး(State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Buil-ding) ကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်နှင့် မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားဆောင်ရွက်ရန် လိုသည့်အခြေအနေများကိုလည်းကောင်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နှင့် ငြိမ်းချမ်းမှု ရှိမှသာလျှင် ဒေသတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တိုင်းပြည်၏ လိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များ ပြည်သူ လူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဇွန် ၄ ရက်တွင် နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တို့တွင် ရပ်တန့်နေ၍မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည်ဖြစ်သည့်အခြေအနေ၊ မိမိတို့အနေဖြင့် တိုင်းပြည် ၏အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်း ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည့် အခြေအနေများအပြင် NDAA (မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ဘဲ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက် ရှိသည့်အခြေအနေများကိုလည်းကောင်း၊ ဇွန် ၁၃ ရက် တွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် တွေ့ဆုံခဲ့ကြောင်း၊ ပထမဆုံးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည့် အဖွဲ့ဖြစ်သည့်အခြေအနေ၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ်ဖြစ်နိုင်ဖွယ် ရှိသည်များ စသည့်အချက်များကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ယနေ့ တွင် PNLO အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်အဖွဲ့များနှင့် လည်း ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း။
ဆက်လက်ကမ်းလှမ်းထား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးစီးအဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲတက်ရောက်လာခဲ့ကြသည့် အဖွဲ့အသီးသီးသည် ထပ်မံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသဘောတူညီ ချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးရန်ကျန်ရှိသည့် တိုင်းရင်းသား EAO အဖွဲ့ ၃ ဖွဲ့နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေး သွားရန်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကို တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် ယခင်ဖိတ်ခေါ် ကမ်းလှမ်းချက်များအတိုင်း ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အဖွဲ့အနေဖြင့် ထပ်မံ၍ဖိတ်ခေါ်ခဲ့ကြောင်း၊ ထပ်မံဖိတ်ခေါ်ချက်အပေါ် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဥက္ကဋ္ဌ (သို့မဟုတ်) ဥက္ကဋ္ဌကိုယ်စား အဆုံးအဖြတ်ပေး နိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦး၏ အမည်စာရင်းကို ဇွန် ၃၀ ရက် နောက်ဆုံးထားပြန်ကြားပေးစေရန် ကမ်းလှမ်းထားပါကြောင်း။
NCA အရရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုမူဘောင်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ စသည့်အစုအဖွဲ့အသီးသီးမှ ပါဝင်သည့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ ရမည်ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်များ ပြောဆို သကဲ့သို့၊ မီဒီယာများလှုံ့ဆော်နေသကဲ့သို့၊ လက်ရှိအနေအထားအရ နိုင်ငံရေးအခင်းအကျင်းအစုအဖွဲ့ စုံလင်မှုမရှိကြောင်း ပြောနေကြသည် များ ရှိပါကြောင်း၊ လက်ရှိတွင် မိမိတို့သည် တပ်မတော်အနေနှင့်ရော အစိုးရအနေနှင့်ပါ ဆွေးနွေးနေခြင်းဖြစ်ပြီး ဆွေးနွေးချက်များထဲတွင် ဖြစ်ချင်သည်ကို ဆွေးနွေးကြပြီး ဖြစ်သင့်သည်များကို ပြောဆိုညှိနှိုင်း ခဲ့ကြကြောင်း၊ လက်ရှိငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးချက်များသည် လွှတ်တော်တင်ပြပြီး ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များလည်းရှိပါ ကြောင်း၊ လွှတ်တော်ပေါ်ပေါက်လာလျှင်လည်း လက်ရှိဆွေးနွေးနေ သော နိုင်ငံရေးပါတီများ အစုအဖွဲ့များကပင် လွှတ်တော်ကိုယ်စားလှယ် များ ဖြစ်လာမည်ဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့လည်း ပါပြီးဖြစ်ကြောင်း၊ အချို့သော အကြောင်းအရာများ သည် ပြင်ဆင်သင့်၊ ပြင်ဆင်ရမည့်ကိစ္စရပ်များ ရှိလာလျှင် မည်သည့် အဖွဲ့အစည်းက အဓိကကျသည်၊ မည်သည့်အဖွဲ့အစည်းနှင့် ညှိနှိုင်းရမည်ဆိုသည့်အချက်များကို အခြေခံဥပဒေကို လေ့လာထားသူတိုင်း သိရှိပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့် ကြိုတင်ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေထက် ကောင်းသည့်နည်းလမ်း၊ အခွင့်အခါသင့်သည့်အချိန် ရှိမည်မဟုတ်ကြောင်းကို ပြောကြားလို ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတိုင်းရင်းသား လူမျိုးများ၏အကျိုး၊ မိမိဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ကြည့်ပြီး ဆောင်ရွက်သင့်သည်ဟု မိမိအနေဖြင့် တိုက်တွန်း လိုကြောင်း။
ပြည့်အင်အားသည် ပြည်တွင်းမှသာရှိ
ငြိမ်းချမ်းရေးအတွက် အတူတကွဆောင်ရွက်ရမည့် နည်းလမ်းမှာ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကောင်းကျိုးကိုလိုလားခြင်း၊ ကောင်းကျိုးကို ဆောင်ရွက်နိုင်ခြင်းတို့သာ ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်မှသာလျှင် ညီညွတ်ရေးရနိုင်မည်ဖြစ်ကြောင်း၊ ညီညွတ် ရေးနည်းလမ်းသာလျှင် ငြိမ်းချမ်းရေးနည်းလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုရလိုလျှင် မိမိတို့ နိုင်ငံသားအားလုံး ညီညွတ်ရေးကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူများ၏ အားသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး ပြည့်အင်အားသည် ပြည်တွင်း မှာ သာရှိသည် ”ဟု နိုင်ငံတော်အကြီးအကဲက ပြောခဲ့ကြောင်း၊ ယင်းကို မိမိတို့ အလေးအနက်ခံယူပါကြောင်း၊ ပြင်ပက ဆောင်ရွက်ချက်များ၊ ပြင်ပက လာသည်များသည် အားဖြည့်အကူအညီများသာ ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ပြည်၏ အဓိက အင်အားအစစ်အမှန်သည် ပြည်တွင်း တွင်သာရှိကြောင်း အလေးအနက် ခံယူပြီး ပြည့်အင်အားကို တည် ဆောက်နိုင်မည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်
ဆက်လက်ပြီး တတိယအချက်အနေဖြင့် တာဝန်မှ ကင်းကွာနေ သော အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို တင်ပြလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် ပညာသင်ကြားရေး အတွေ့အကြုံရင့်ကျက်သည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပညာရေးတာဝန် များ ထမ်းဆောင်မှုအပေါ် နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုများ ကြောင့် CDM လုပ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုများရှိခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းများကြောင့် စိုးရိမ်ကြောင့်ကြ မှုများဖြစ်ပေါ်လာကာ တာဝန်မှကင်းကွာခဲ့ရပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် ၎င်းတို့၏ သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်း ဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ သတ်မှတ် ပုံစံဖြည့်ပြီး အယူခံလွှာတင်သွင်း သတင်းပို့ကြရန် အသိပေးကြေညာ ထားပါကြောင်း၊ မိမိတို့ မေ ၃၁ ရက်အထိ ကနဦးလက်ခံမည်ဖြစ် သည့်အတွက် လက်ခံသတင်းပို့ကြရန် ထုတ်ပြန်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်အထိ ထပ်မံ၍တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ဇွန် ၁၄ ရက်အထိ အထက်တန်းပြ ၃၇၉ ဦး၊ အလယ်တန်းပြ ၁၀၀၅ ဦး၊ မူလတန်းပြ ၇၇၂ ဦးစုစုပေါင်း ၂၁၅၆ဦး စာရင်းပေးထားပြီး လက်ခံဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လက်ခံသွားမည်ဖြစ်ကြောင်း။
(ဆက်လက်ဖော်ပြပါမည်)



