
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲ(International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
နေပြည်တော် စက်တင်ဘာ ၃၀
(၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစား သမားများနှင့် ဆုရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာ တပ်မတော် အားကစားပြိုင်ပွဲ (International Army Games- 2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့ကြသူ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား များနှင့် နည်းပြများ၊ နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲ (International Army Games- 2022)နှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲ (3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့သည့် ကစားသမားများ တက်ရောက်ကြသည်။
နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီး သည် နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ် စောင့်ရှောက်ရေးအတွက် ခေတ်မီတပ်မတော်များ အဖြစ် အပြိုင်အဆိုင် တည်ဆောက်လျက်ရှိရာ အရည်အသွေးပြည့်ဝသည့် စစ်အသုံးအဆောင်ပစ္စည်း များနှင့် အားဖြည့်ရုံသာမကဘဲ စွမ်းရည်ထက်မြက် သည့် တပ်မတော်တစ်ရပ်ဖြစ်စေရေးအတွက် ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မလျော့သော ဇွဲ၊ လုံ့လ ရှိမှုများအပြင် စစ်လက်နက် ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှုရှိစေ ရေးအတွက် အစဉ်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထိရောက် ထက်မြက်စွာ ထမ်းဆောင်နိုင်ရေး “အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုး ချစ်တပ်မတော် တည်ဆောက်ရေး” ရည်မှန်းချက် ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ပင် ဖြစ်ကြောင်း၊ ကာကွယ်ရေး ဆိုရာတွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း၊ ပြည်ပ ရန်စွယ်မှန်သမျှကို ကာကွယ်စောင့်ရှောက်ရေးတို့ အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင် ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေနိုင်ကြောင်း၊ အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တပ်မတော်သားများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ် စိတ်ကို အရင်းခံသည့် အားကစားစိတ်ဓာတ်နှင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း၊ တိုင်းပြည် ချစ်စိတ်ရှိမှလည်း တိုင်းပြည်ကို ကာကွယ်လိုစိတ် များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည် ကာကွယ်လိုစိတ်အပေါ် အရင်းခံ၍ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိ အောင် စွမ်းဆောင်နိုင်ခဲ့မှုအပေါ် အသိအမှတ်ပြု ဂုဏ်ယူကြောင်း။
ပြိုင်ပွဲများတွင် တပ်မတော်သားများအနေဖြင့် တပ်မတော်သားပီပီ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျော့ သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် နိုင်ငံတော် အကျိုးကို မည်သည့်နေရာကမဆို ဆက်လက်သယ်ပိုးလိုသည့် စိတ်ဓာတ်ထားရှိသည်ကို တွေ့ရှိရကြောင်း၊ အင်ဒို နီးရှားသမ္မတ နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မိမိတို့မြန်မာနိုင်ငံက နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများအနေဖြင့် ပြေးခုန် ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ်နှင့် မသန်စွမ်းဘောလုံးအားကစားနည်းတို့တွင် စုစုပေါင်းဆုတံဆိပ် ၄၃ ခု ရရှိခဲ့ပြီး ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေး တံဆိပ် ၁၇ ခုနှင့် နိုင်ငံအလိုက် အဆင့် ၆ တွင် ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံ့ဂုဏ် ဆောင်ဆုတံဆိပ်ရရှိသူများအနက် မိမိတို့ တပ်မတော် သား အားကစားသမား ၉ ဦးက ရွှေတံဆိပ် ၅ ခု၊ ငွေ တံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၉ ခု စုစုပေါင်းဆု တံဆိပ်မျိုးစုံ ၁၈ ခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း။
အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများ ကို ၂၀၁၁ ခုနှစ်ကစပြီး နှစ်နှစ် တစ်ကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲများတွင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည့် တပ်မတော်သား များသည်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ် ကို ဆောင်ကြဉ်းပေးခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ရှေ့နောင်တော်များ၏ အစဉ်အလာကောင်း များအပြင် မိမိတို့ရရှိခဲ့သည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း၊ ထို့အပြင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သည့် အခြားတပ်မတော်သားများကိုလည်း မိမိတို့၏ ကျန်းမာရေးအတွက်ပင်ဖြစ်ဖြစ် နိုင်ငံတော် နှင့် တပ်မတော်အကျိုးအတွက် အားကစားနှင့်မြှင့်တင် မည့်စိတ်ဖြင့် အားကစားကို လေ့လာလိုက်စားကြရေး လှုံ့ဆော်ပေးသွားကြပါရန် တိုက်တွန်းမှာကြားလို ကြောင်း။
တပ်မတော်၏ အဓိကလုပ်ငန်းကြီး ၃ ရပ်တွင် ဒုတိယအချက်ဖြစ်သည့် လေ့ကျင့်ရေးတာဝန်နှင့် ပတ်သက်ပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍအသီးသီး အလိုက် မိမိတို့သင်ကြား လေ့ကျင့်ထားသည့် စစ်ပညာများကို ကျွမ်းကျင်မှုရှိအောင် စဉ်ဆက် မပြတ် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံတကာစစ်ဘက် အဖွဲ့ အစည်းများ၏ နည်းပညာပိုင်းဆိုင်ရာ အတွေ့ အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိစေရေး အတွက် နိုင်ငံတကာတပ်မတော်အားကစား ပြိုင်ပွဲ(International Army Games)ကို ၂၀၁၈ ခုနှစ် ကစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခုဆိုလျှင် (၅) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် ဝင်ရောက်ယှဉ်ပြိုင်သည့် International Army Games ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံနှင့်အတူ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ် ပစ်ခတ်ခြင်းပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည် ပြိုင်ပွဲ၊ Emergency Area ပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ကြောင်း။
မိမိတို့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် International Army Games တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ် အပါ အဝင် (၅) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂ဝ၁၉ ခုနှစ် Division-2 တွင် ပြိုင်ပွဲဝင် ၁၁ သင်း အနက် အဆင့် ၅ ၊ ၂ဝ၂ဝ ပြည့်နှစ် Division-2 တွင် ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂ဝ၂၁ ခုနှစ် Division-2 တွင် ပြိုင်ပွဲ ဝင် ၈ သင်း အနက် အဆင့် ၃ ရရှိခဲ့ပြီး ယခုနှစ် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၁ ရရှိခဲ့ကြောင်း၊ တစ်ဆက်တည်း ၌ပင် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၌ အသင်းလိုက်စွမ်းရည်ပြိုင်ပွဲ တတိယဆု၊ အမြန်ဆုံးလက်ဖြောင့်စစ်သည်ပြိုင်ပွဲတွင် တတိယဆုတို့ ရရှိခဲ့ ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် အဆင့် ၄ နေရာ၊ ဆေးတပ်ဖွဲ့စွမ်းရည် ပြိုင်ပွဲတွင် ဇွဲသတ္တိဆု ရရှိခဲ့သည် ကို တွေ့ရကြောင်း။
ယခုနှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့ သည့် ပြိုင်ပွဲများတွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ လည်းပါဝင်ခဲ့ကြောင်း၊ ယင်းပြိုင်ပွဲတွင် မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ဂီတကိုဖော်ကျူးနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး တီးခတ်မှု တူရိယာ ပြိုင်ပွဲတွင် ပထမဆု၊ ရုရှားသီချင်း စုံတွဲအဆိုပြိုင်ပွဲတွင် ပထမဆု၊ တစ်ဦးချင်း အမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာအကပြိုင်ပွဲတွင် တတိယဆုတို့အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှု People’s Choice Award ၌ ပထမဆု၊ ယဉ်ကျေးမှု ပြခန်းပြိုင်ပွဲတွင် တတိယဆု၊ ယဉ်ကျေးမှုပြခန်း ခင်းကျင်းမှု အကောင်းဆုံးဆု၊ ရိုးရာဝတ်စုံ အကောင်း ဆုံး ပထမဆုနှင့် စစ်ဘက်ဆိုင်ရာချစ်ကြည်ရင်းနှီးမှု တည်တံ့စေမှုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၇ နိုင်ငံအနက် အဆင့် ၇ နေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်ကို တွေ့ရကြောင်း။
ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ(3rd World Cadet Games) တွင် အားကစားနည်း ၇ မျိုးအနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရိုင်ဖယ် သေနတ်ပစ် တစ်ဦးချင်းအမြန် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပထမဆု၊ ရိုင်ဖယ်သေနတ်ပစ်အသင်းလိုက် အမြန် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ဒုတိယဆု၊ ပစ္စတိုသေနတ်ပစ် တိကျပစ်ခတ်ခြင်း အသင်းလိုက်ပြိုင်ပွဲတွင် တတိယ ဆုနှင့် ပစ္စတိုသေနတ်ပစ် အသင်းလိုက်အမြန် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ပြိုင်ပွဲ ဝင်နိုင်ငံပေါင်း ၂ဝ ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၈ နေရာ ရရှိ ခဲ့သည်ကိုတွေ့ရကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်ကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက်
မိမိတို့ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၏ အောင်မြင်မှုရလဒ်များကို ပြန်လည်သုံးသပ်ကြည့်ပါက တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှု မြင့်တက်လာသည်ကိုတွေ့ရှိရသဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကိုယ်စားအထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းကို ထပ်မံပြောကြားလို ကြောင်း၊ ထိုကဲ့သို့ အဆင့်တိုးတက်လာခြင်းသည် တစ်ဦးချင်း၏ လေ့ကျင့်သားပြည့်ဝမှုနှင့် စုစည်း ညီညွတ်မှုရလဒ်များကြောင့်ပင် ဖြစ်ကြောင်း၊ မည်သည့် အားကစားမဆို “ယှဉ်ပြိုင်ခြင်းသည် အဓိက” ဟု ဆိုသော်လည်း နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်မည်ဟူသည့် ပြင်းပြသည့် ရည်မှန်းချက်ထားပြီး တပ်မတော်သား ပီပီ နိုင်ငံတော်နှင့် တပ်မတော်အတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ တပ်မတော်သားများတွင်ရှိပြီးကောင်းမွန်သည့် ယုံကြည်ချက်၊ ခံယူချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲ မျိုးစုံတွင် အောင်မြင်မှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြခြင်းပင်ဖြစ်ကြောင်း။
အုပ်ချုပ်သူနှင့်နည်းပြများအနေဖြင့်လည်း ယခု ကဲ့သို့ဆုများရရှိအောင် သင်ကြားပြသပေးနိုင်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုသလို ပြီးခဲ့သည့် ပြိုင်ပွဲများတွင် မိမိတို့ ကစားသမားများ၏ အားနည်းချက်၊ အားသာ ချက်များအပြင် အခြားပြိုင်ပွဲဝင်နိုင်ငံများ၏ အားသာ ချက်များကိုသုံးသပ်ပြီး အောင်မြင်မှုများ ပိုမိုမြင့်မား လာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် အားကစားသမားများကိုလည်း ရဲဘော်စိတ်ထားရှိ ပြီး အောင်ပွဲခံလိုစိတ်ဖြင့် ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားကြရန် ဖြည့်စွက်မှာကြားလိုကြောင်း၊ မိမိတို့ တပ်မတော်သားများအနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာစစ်ဘက်အဖွဲ့ အစည်းများ၏ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို မှတ်ယူထားကြရမည် ဖြစ်ကြောင်း၊ ဆုရအားကစားသမားများအနေဖြင့် လက်ရှိရရှိထားသည့် အောင်မြင်မှုမှ လျော့ကျသွား ခြင်းမရှိအောင်၊ လက်ရှိရရှိထားသည့် အောင်မြင်မှု ထက်ပိုမိုသည့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြသူများဖြစ်အောင် မိမိကိုယ်မိမိ စဉ်ဆက်မပြတ် တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အမျိုးကိုချစ်စိတ်၊ နိုင်ငံ့ချစ်စိတ် ကို စဉ်ဆက်မပြတ်ထားရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် သွားကြရမည်ဖြစ်ကြောင်းနှင့် နောင်မျိုးဆက်သစ် လူငယ်များအတွက် ဂုဏ်ယူလေးစားဖွယ် စံနမူနာ ကောင်းများကို လက်ဆင့်ကမ်းဖြန့်ဝေသွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ထို့နောက် တပ်မတော်ဂုဏ်ဆောင် အားကစား သမားများနှင့် ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူ များ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(မီတာ ၄၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၄၀၀)(အသင်းလိုက်ပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု၊ ပြေးခုန် ပစ် (မီတာ ၂၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် အရာခံဗိုလ် ကျော်ကျော်ဝင်း၊ ပြေး ခုန်ပစ်(မီတာ ၁၀၀)နှင့်(မီတာ ၂၀၀)(တစ်ဦးချင်း ပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု(၂)ဆု၊ ပြေးခုန်ပစ်လက်ဆင့် ကမ်း(မီတာ ၄၀၀)(အသင်းလိုက်ပြိုင်ပွဲ) ၌ ငွေတံဆိပ် ဆုတို့ကို ရရှိခဲ့သည့် တပ်ကြပ် စိုးပေ၊ ပြေးခုန်ပစ် (သံလုံးပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု၊ (သံပြားပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု တို့ကိုရရှိခဲ့သည့် တပ်ကြပ် ဇော်မင်းလွင်၊ (ပြေးခုန်ပစ်) (လှံတံပစ်)(တစ်ဦးချင်း ပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ် (သံလုံးပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေး တံဆိပ်ဆုတို့ကို ရရှိခဲ့သည့် တပ်ကြပ်ကြီး တင်ညို တို့ကိုလည်းကောင်း၊ နိုင်ငံတကာ တပ်မတော် အားကစားပြိုင်ပွဲ(Interna-tional Army Games- 2022) တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Division(2) တွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် အဖွဲ့ (၁) ကိုယ်စား ဗိုလ်ကြီး ထင်အောင်ကျော်၊ အဖွဲ့(၂) ကိုယ်စား ဗိုလ်ကြီး သန်းတိုးအောင်၊ အဖွဲ့(၃) ကိုယ်စား ဗိုလ်ကြီး ထွန်းတောက်နိုင်တို့ကိုလည်းကောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၁၁)ကြိမ် မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ တွင် ပြေးခုန်ပစ်(သံလုံးပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု၊ (လှံတံပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆု၊ သံပြားပစ် (တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် ဒုတိယတပ်ကြပ် အောင်ထွန်းလင်း၊ ပြေးခုန်ပစ် (လှံတံပစ်)(တစ်ဦးချင်း ပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ် (အမြင့်ခုန်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့ သည့် ဒုတိယတပ်ကြပ် စိုးသန်း၊ နိုင်ငံတကာ တပ်မတော် အားကစားပြိုင်ပွဲ (International Army Games-2022) ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ အတီးပြိုင်ပွဲတွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် တပ်ကြပ် အောင်အောင်ထက်နှင့် တပ်သား (အစားခန့်) ပိုင်ဇေကျော်၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ၊ ရုရှားသီချင်းဆို ပြိုင်ပွဲတွင် စုံတွဲပထမဆု ရရှိခဲ့သည့် တပ်ကြပ်ကြီး(အစားခန့်) စိုးမင်းနိုင်၊ ရုရှား သီချင်းဆိုပြိုင်ပွဲ စုံတွဲပထမဆုနှင့် တစ်ဦးချင်း ဒုတိယ ဆုတို့ကို ရရှိခဲ့သည့် တပ်ကြပ်ကြီး (အစားခန့်) ထူးဣန္ဒာကျော်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က (၁၁)ကြိမ် မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (Internati-onal Army Games - 2022)နှင့် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိအောင် စွမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား အားကစား သမားများနှင့် ဆုရရှိအောင် နည်းပြပေးခဲ့ကြသည့် နည်းပြများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ကျေးဇူးတင်စကားပြန်လည်ပြောကြား
ထို့နောက် ဆုရရှိသည့် အားကစားသမားများနှင့် နည်းပြများကိုယ်စား ဗိုလ်ကြီး သန်းတိုးအောင်က (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာတပ်မတော်အားကစား ပြိုင်ပွဲ (International Army Games-2022)နှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်သား အားကစားသမားများ၏ ကြိုးစားအားထုတ်မှုများ အပေါ် ယခုကဲ့သို့ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာမည့် ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၊ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြား
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားဖြင့် တပ်မတော် ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော်သားအားကစား သမားများ၊ နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်း ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့မှလည်း တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက် သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသည့် တပ်မတော်သားများကိုရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်