(၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကျင်းပ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာ

 

နေပြည်တော်  နိုဝင်ဘာ  ၁၇ 


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက် ၇ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၀)ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော် ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးရုံးမှ တက်ရောက်ခဲ့သည်။ 

 


အဆိုပါအစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ် နိုင်ငံ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီး(၂)  H.E. Dato Dr. Amin Liew Abdullah နှင့် ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့်  အငယ်စား စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး  The Honourable Mary Ng တို့က ပူးတွဲသဘာပတိများအဖြစ်   ဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါအစည်းအဝေးသို့  အာဆီယံနှင့် ကနေဒါနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အဆင့် မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံအတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 


အမြင်ချင်းဖလှယ်ဆွေးနွေး


အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှု များနှင့် အဆိုပါသက်ရောက်မှုများကို လျော့နည်း စေရန် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏   ဖြစ်ပေါ် တိုးတက်မှုများ၊ ကနေဒါနိုင်ငံက ထောက်ပံ့ပေးမည့် စွမ်းဆောင်ရည်မြှင့်တင်ရေး        အစီအစဉ်များနှင့် ကနေဒါ-အာဆီယံ စီးပွားရေးကောင်စီမှ တင်ပြလာ သော စီးပွားရေးဆိုင်ရာ  အကြံပြုချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

 


မြန်မာနိုင်ငံက  ပါဝင်ထောက်ခံ


အဆိုပါအစည်းအဝေး၌ အနာဂတ် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု   သဘောတူ စာချုပ်အတွက်      အပြီးသတ်ကိုးကားစာတမ်းကို ဝန်ကြီးများက အတည်ပြုခဲ့ပြီး အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု       သဘောတူစာချုပ် အတွက် စေ့စပ်ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာ ရာတွင် မြန်မာနိုင်ငံက   ပါဝင်ထောက်ခံဆွေးနွေးခဲ့သည်။ 

 


အခွင့်အလမ်းများ ရရှိနိုင်မည်


၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-ကနေဒါ နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး ကနေဒါမှ      အာဆီယံနိုင်ငံများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  စီးဝင်မှုသည်  အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံရှိခဲ့သည်။ ကနေဒါနိုင်ငံမှ အာဆီယံသို့  ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည်  နှစ်စဉ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း   တိုးတက်လျက်ရှိသည်။ အာဆီယံ-ကနေဒါ     လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို     ဆောင်ရွက်ခြင်းအားဖြင့် ကနေဒါနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါသဘောတူစာချုပ် တွင်ပါဝင်ခြင်းဖြင့် ကနေဒါနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာပြီး  ကနေဒါ ဈေးကွက်သို့ မြန်မာ့ပို့ကုန်များ တင်ပို့နိုင်သည့် အခွင့် အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ 

 


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ် မှု ပြန်လည်စတင်ရေးနှင့် နယ်စပ်ဒေသများ ပြန်လည် ဖွင့်လှစ်ရေး၏ အရေးပါမှုအခြေအနေများ၊  မြန်မာ နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစတင်၍ ခရီး သွားကဏ္ဍများ   ပြန်လည်ဖွင့်လှစ်ပေးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အာဆီယံ-ကနေဒါ လွတ်လပ် သော ကုန်သွယ်မှုသဘောတူစာချုပ် စေ့စပ်ညှိနှိုင်း မှုများ စတင်ရန်ကိစ္စများကို ပါဝင်ဆွေးနွေးခဲ့သည်။

 


ပူးတွဲထုတ်ပြန်ကြေညာ


အစည်းအဝေး၌ (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ  စီးပွားရေးဝန်ကြီးများ  အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို   အတည်ပြုခဲ့ကြ သည်။

 


အဆိုပါအစည်းအဝေးသို့       ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများလည်း တက်ရောက် ခဲ့ကြသည်။                                        

သတင်းစဉ်