
တောင်ကြီး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆေးတက္ကသိုလ် (တောင်ကြီး)၊ စဝ်စံထွန်းဆေးရုံ (တောင်ကြီး)နှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး (တောင်ကြီး)တို့မှ ဘာသာရပ် ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန် ကြီးများပါဝင်သော အထူးကု ကွင်းဆင်းဆေးကုသ အဖွဲ့သည် ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာရှိ မဟာအောင်မြေ ကေတုမတီ ပရိယတ္တိစာသင်တိုက်၌ ဒီဇင်ဘာ ၁၈ ရက်က ကွင်းဆင်းဆေးကုသ မှုများ ဆောင်ရွက်သည်။
ထိုသို့ အထူးကုကွင်းဆင်း ဆေးကုသမှုကို ပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကာ ဆေးကုသမှု လာရောက်ခံယူကြသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ အထူးကုကွင်းဆင်း ဆေးကုသမှုတွင် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဆေးတက္ကသိုလ် (တောင်ကြီး)ပါမောက္ခချုပ်၊ စဝ်စံထွန်းဆေးရုံ (တောင်ကြီး) ဆေးရုံအုပ်ကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (တောင်ကြီး) ဆေးရုံအုပ်ကြီးတို့ ဦးဆောင်ပြီး ကလေးအထူးကု ဆရာဝန်ကြီး၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး၊ အထူးကု သမားတော်ဆရာဝန်ကြီး၊ ခွဲစိတ် အထူးကု၊ အရိုးအထူးကု၊ မျက်စိ အထူးကု ဆရာဝန်ကြီးများ၊ အရေပြားအထူးကု ဆရာဝန်ကြီး၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး၊ သွားအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်ကြီးနှင့် ကာကွယ်ဆေး ထိုးအဖွဲ့များက ဒေသခံတိုင်းရင်း သားပြည်သူ စုစုပေါင်း ၄၂၄ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ကြသည်။
စိုင်းအယ်ဘဲ