
ဟိုပန် မေ ၇
“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်အတွင်း မူးယစ်ဆေးဝါး ဖြတ်မည့်သူများကို ကူညီ ဆောင်ရွက်နိုင်ရန်အတွက် တည် ထောင်ထားသည့် လူငယ်ဘဝ ပြုစုပျိုးထောင်ရေး အသင်းနှင့် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်း အနားကို မေ ၅ ရက်က ဟိုပန် မြို့နယ် ဖာလင်ကျေးရွာအုပ်စု နမ့်ကမ်းလုံ “ဝ” ရွာဟောင်းတွင် ပြုလုပ်သည်။
ရှေးဦးစွာ အဆောက်အအုံ သစ်ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် လူငယ်ဘဝပြုစု ပျိုးထောင်ရေး အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းခိုင်က အသင်း ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ရည်ရွယ်ချက်၊ လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဟိုပန် မြို့နယ်တွင် အသင်းစတင်ဖွဲ့စည်း ခြင်းနှင့်အဆောက်အအုံဆောက်လုပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မူးယစ် ဆေးဝါးကျေးကျွန်ဘဝမှ ပြန်လည် လွတ်မြောက်လာသူများက စိတ် ဓာတ်ခွန်အားဖြည့် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ထို့နောက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြော ကြားသည်။ ဆက်လက်၍ နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူက မူးယစ် ဆေးဝါးများနှင့် ဆိုးကျိုးအန္တရာယ် များအကြောင်းကို လည်းကောင်း၊ ကိုးကန့်ပရဟိတ ပူးပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် နှင့် လူငယ် ဘဝပြုစုပျိုးထောင်ရေးအသင်း ဒုဥက္ကဋ္ဌ ဦးလူရှောက်ယုံတို့ က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကိုးကန့်ပရ ဟိတပူးပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးမောင် မောင်တို့က အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ လူငယ်ဘဝပြုစု ပျိုးထောင်ရေးအသင်း၏ မူးယစ် ဆေးဝါးဖြတ်မည့်သူများ ထားရှိ မည့် အဆောက်အအုံများကို အလှူရှင်များ၏ စုပေါင်းလှူဒါန်း မှုဖြင့် ငွေကျပ်သိန်း ၄၂၀၀ အကုန် ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇွန်လတွင် စတင်လက်ခံဆောင် ရွက်သွားနိုင်မည် ဖြစ်ကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)