ဂုဏ်သိက္ခာနှင့် တန်ဖိုးမြင့်မားရေးအားထုတ်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်   မတ်လ ၁၀ ရက်နေ့က  ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့မှ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံစဉ် ကူးစက်ရောဂါကင်းဝေးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးရေး၊ ပြည်သူများ စည်းကမ်းလိုက်နာရေး၊  သိက္ခာ ရှိရေးတို့ကို အလေးထားပြောကြားခဲ့သည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအား စည်းကမ်းရှိစေ ရေး  ပြောကြားချက်မှာ လူတိုင်းလူတိုင်းသည် မိမိတို့၏ တစ်ဦးချင်းတန်ဖိုး ကို ဖော်ထုတ်စေလိုရင်း ဖြစ်သည်။ ဥပမာအားဖြင့် သန့်ရှင်းအောင်နေထိုင် တတ်ရေး၌  စည်းကမ်းရှိသော  အလေ့အထကောင်းကို  မွေးမြူလေ့ကျင့်ဖို့ လိုပေသည်။  မိမိကိုယ်ကို   သန့်ရှင်းအောင်  နေထိုင်တတ်သော အလေ့ အကျင့်ကောင်းရှိမှသာလျှင် မိမိပတ်ဝန်းကျင်ကို  သန့်ရှင်းအောင်ထားနိုင် မည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားနိုင်မှသာလျှင် မိမိနိုင်ငံကို သန့်ရှင်းအောင် ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိနိုင်ငံကို သန့်ရှင်း အောင်ထားနိုင်မှသာ မိမိတို့ကမ္ဘာကြီး သန့်ရှင်းသာယာရေးတွင် မိမိတို့လည်း ပါဝင်နိုင်မည်ဖြစ်သည်။
 
ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ပြည်သူများ စည်းကမ်း လိုက်နာမှု၊ စည်းကမ်းရှိမှုတို့ကို တန်ဖိုးထားပါ။ ဂုဏ်ယူပါ။ ငါတို့တွေဟာ စည်းကမ်းရှိတဲ့လူမျိုး၊ ငါတို့ တစ်ယောက်ချင်းတစ်ယောက်ချင်းအတွက် တာဝန်ယူတတ်တဲ့လူမျိုးဆိုတဲ့စိတ်ဓာတ် ရှိစေချင်ပါတယ်" ဟု ပြည်သူများနှင့် တွေ့ဆုံစဉ် မကြာခဏပြောကြားခဲ့သည်။ စည်းကမ်းသည် လူ၏တန်ဖိုး ဖြစ်သည်။ စည်းကမ်းရှိသော ရပ်ရွာ၊ မြို့ပြများမှာ အများပြည်သူအတွက် စိတ်နှလုံးချမ်းမြေ့ဖွယ်ဖြစ်သလို နိုင်ငံတကာအမြင်တွင်လည်း တင့်တယ်လှ သဖြင့် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်သည်။ 
ထို့အပြင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "မွေးရာပါ အခွင့်အရေးတွေ၊ သိက္ခာ တွေနဲ့အတူ မွေးရာပါတာဝန်တွေလည်း ပါနေတယ်ဆိုတာ ကျွန်မတို့ ပြည်သူ တွေကို သတိပေးချင်ပါတယ်။ အဲဒါ သိက္ခာပါပဲ။ သိက္ခာဆိုတာ ကိုယ့်အခွင့် အရေးကို ကိုယ်ကာကွယ်တတ်သလို ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်ပါ။ ဒီနှစ်ခုထဲက တစ်ခုလိုနေရင် သိက္ခာမပြည့်ဝဘူးလို့ ဆိုပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ လူတစ်ဦးတစ်ယောက်သည် မိမိ၏တာဝန်များကို ကျေပွန် အောင်  ထမ်းဆောင်နိုင်သော်လည်း မိမိ၏အခွင့်အရေးများကို ကာကွယ်နိုင် စွမ်းမရှိလျှင်၊ ကာကွယ်နိုင်သည့်သိက္ခာနှင့်  တာဝန်ယူတတ်မှုမရှိလျှင် ထိုလူတစ်ဦး၏သိက္ခာသည် ပြည့်စုံခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။
 
တာဝန်နှင့် သိက္ခာသည် အတူယှဉ်တွဲနေပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြသော်လည်း အခွင့်အရေးများကိုသော်လည်းကောင်း၊ ဂုဏ် သိက္ခာများကိုသော်လည်းကောင်း ကာကွယ်နိုင်စွမ်းမရှိကြသည်ကို တွေ့ရ မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူ ပြည်သား များနှင့် တွေ့ဆုံစဉ် ပြည်သူများအား ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိအောင် နေထိုင်ကြရန်၊ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်ထမ်းဆောင်ကြရန် ကိုယ့် အခွင့်အရေးများကိုလည်း မှန်မှန်ကန်ကန်နည်းများဖြင့် ကာကွယ်နိုင်ကြ စေရန် တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်     မဖွံ့ဖြိုးသေးသော     ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သလို အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဆင့်ရောက်နေသော နိုင်ငံ ဖြစ်နေသည်။ ထိုအခြေအနေသို့ရောက်နေမှုနှင့်ပတ်သက်၍ မိမိတို့ အချင်း ချင်း ပြစ်တင်ရှုတ်ချ၊ မိမိကိုယ်ကို  ပြစ်တင်ရှုတ်ချနေကြသည်ကို တွေ့ရမည် ဖြစ်သည်။ အမှန်တကယ်တွင်   အားငယ်စိတ်ပျက်စရာမရှိဘဲ  ရှေ့အဖို့ တိုးတက်ရန်အတွက် နိုင်ငံသားတိုင်း စည်းကမ်းရှိရန်နှင့် တာဝန်ကို ကျေပွန် စွာထမ်းဆောင်ပြီး  ဂုဏ်သိက္ခာရှိအောင် ကျင့်ကြံအားထုတ်နေထိုင်ကြဖို့လိုမည်ဖြစ်သည်။ ထိုတွန်းအားများကို မှန်မှန်ကန်ကန် အသုံးချနိုင်မည်ဆိုပါ က မိမိတို့နိုင်ငံ ဖွံ့ဖြိုးမည်၊ တိုးတက်မည်၊ ငြိမ်းချမ်းသာယာမည် ဖြစ်သည်။
 
သို့ဖြစ်ရာ ပြည်သူပြည်သားများသည် မိမိတို့နိုင်ငံ နောက်မကျစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လူတိုင်းလူတိုင်း  လက်ရှိအနေအထားတွင် ရပ်တည်နေရသည်ကို ကျေနပ်မနေဘဲ မိမိတို့ပတ်ဝန်းကျင်အတွက်၊ မိမိတို့ နိုင်ငံအတွက်၊ မိမိတို့ကမ္ဘာအတွက် တန်ဖိုးရှိသည့် ပြည်သူများ၊ ဂုဏ်သိက္ခာ ရှိသောပြည်သူများဖြစ်အောင်   ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း အပ်ပါသည်။