ဂျပန်နိုင်ငံ စနစ်တကျကိုင်တွယ်ဖြေရှင်းနေရသည့် ဖူကူရှီးမားဓာတ်ပေါင်းဖို အဏုမြူစွန့်ပစ်ပစ္စည်းအခက်အခဲ

Type
1

 

တက္ကသိုလ်မောင်ရူပ

 

ဂျပန်နိုင်ငံအနေနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်နေတဲ့ရေတွေကို သိုလှောင်ကန်မှာ ထိန်းသိမ်းထားပြီး ပြန်လည်သန့်စင်ခဲ့တဲ့ ပြုပြင်ပြီးရေတန်ချိန် ၁ သန်း ကျော်ကို ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်သွားမယ်လို့ ဂျပန်အစိုးရက ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒီပြုပြင်ပြီးရေတွေကို သိုလှောင်နိုင်မယ့် ပမာဏဟာ ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ ပြည့်တော့မှာဖြစ်လို့ အခုလိုဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ဂျပန်အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီရေဒီယိုသတ္တိကြွပစ္စည်းတွေ ပါဝင်နေတဲ့ရေတွေကို  ပြန်လည်သန့်စင်ခဲ့ရာမှာ အန္တရာယ်မရှိတော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီးဖြစ်သလို ဒီရေတွေကို သိုလှောင်နိုင်စွမ်းမှာ အကန့်အသတ်တွေ ရှိလာတာကြောင့် အခုလိုဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်ပြီး မကြာခင်မှာပဲ ပြည်တွင်းပြည်ပကနေ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

 


ဖြစ်စဉ်အစ 


၂၀၁၁ ခုနှစ် မတ်လ  ၁၁  ရက်က   ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း  ပစိဖိတ်ကမ်းလွန်ကို ဗဟိုပြုပြီး အင်အားအလွန်ပြင်းထန်တဲ့    ရစ်ချက်တာစကေး အဆင့် ၉ ရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ မြေ ငလျင်ရဲ့ ပြင်းအားပမာဏကိုက ကြီးမားတာရယ်၊ ငလျင်ကြောင့်     နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် လူပေါင်း ၁၃၀၀၀ ကျော်    အသက်ဆုံးရှုံးခဲ့ရပြီး   ၂၅၀၀   ကျော် ပျောက်ဆုံးခဲ့ပါတယ်။ ငလျင်ရဲ့ဒဏ်ကို  အများဆုံး ခံစားခဲ့ရတဲ့ တိုဟိုကုဒေသ (Tohoku region)  ဟာ လည်း အပျက်အစီးအများဆုံး ကြုံတွေ့ခဲ့ရပါတယ်။ အပျက်အစီးတွေထဲမှာ အန္တရာယ်အကြီးမားဆုံး အပျက်အစီးကတော့ ဖူကူရှီးမားခရိုင်အတွင်းမှာရှိ တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ အဏုမြူ ဓာတ်ပေါင်းဖိုအချို့ ထိခိုက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

 


ဖူကူရှီးမားခရိုင်   အိုကူးမမြို့ (Okuma)  မှာ ရှိတဲ့    ဒိုင်အိချိအဏုမြူဓာတ်အားပေးစက်ရုံမှာ ဓာတ်ပေါင်းဖို ခြောက်လုံးရှိတဲ့အနက် ဓာတ်ပေါင်းဖို လေးလုံးဟာ ငလျင်နဲ့ဆူနာမီဒဏ်ကြောင့် ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ငလျင်ဒဏ်ကို မကြာ ခဏ   ကြုံတွေ့ခံစားရတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝန်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေရဲ့ ၁၈ ရာခိုင်နှုန်း ကျော်ဟာ ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဟာ မြေငလျင်နဲ့ပတ်သက်လာရင် အရာရာတိုင်းကို စနစ်တကျ တွက်ချက်ဆောင်ရွက် ထားတဲ့    နိုင်ငံတစ်နိုင်ငံ   ဖြစ်ပါတယ်။   ငလျင် လှုပ်ပြီဆိုတာနဲ့  အန္တရာယ်ရှိနိုင်မှု အနေအထားပေါ် မူတည်ပြီး   မြန်နှုန်းမြင့်အရှိန်နဲ့  မောင်းနှင်နေတဲ့ ကျည်ဆန်ရထားတွေ အလိုအလျောက် ရပ်တန့်သွား စေမယ့် အာရုံခံစနစ်တွေ၊ ပြည်သူလူထုကို  ရုပ်မြင် သံကြား၊ ရေဒီယိုနဲ့  ရပ်ကွက်အလိုက်  အသိပေးနိုင် မယ့်စနစ်တွေ စီစဉ်ထားရှိပါတယ်။ အဆောက်အအုံ တွေ  ဆောက်လုပ်ရာမှာလည်း  သတ်မှတ်ထားတဲ့ စံနှုန်းစံထားဆိုင်ရာဥပဒေ     (The Building Standards Law) ကို  ငလျင်ပြင်းအားပမာဏ    ၆ (သို့မဟုတ်) ၇ အထိ ခံနိုင်ရည်ရှိရမယ့် ပြင်ဆင်ချက် ကို ၁၉၈၁ ခုနှစ်မှာ  အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ကလေးသူငယ်၊  ကျောင်းသူ   ကျောင်းသားတွေ အပါအဝင် ပြည်သူလူထုကိုလည်း ငလျင်လှုပ်လာရင် ဆောင်ရ၊  ရှောင်ရမယ့်   အချက်တွေကိုလည်း အမြဲတမ်း  အသိပေးလျက်ရှိသလို    လေ့ကျင့်မှုတွေ လည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။ တစ်နည်း အားဖြင့် ငလျင်ကို  ရင်ဆိုင်နိုင်အောင် စနစ်တကျ ပြင်ဆင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

 


အခု     ဒိုင်အိချိအဏုမြူဓာတ်အားပေးစက်ရုံ ဖြစ်စဉ်မှာလည်း   ငလျင်လှုပ်တာနဲ့    ဓာတ်ပေါင်းဖို မှာ လည်ပတ်နေတဲ့ အဏုမြူဓာတ်ပြိုကွဲခြင်းဖြစ်စဉ် (fission reactions)   ဟာ    အလိုအလျောက် ရပ်ဆိုင်းခဲ့ပါတယ်။ လျှပ်စစ်မီးပျက်သွားတဲ့အတွက် ဓာတ်ပေါင်းဖိုအတွင်းပိုင်းက လောင်စာတွေ အပူချိန် မြင့်မားနေတာကို      အအေးခံတဲ့စနစ်    ဆက်လက် မောင်းနှင်နိုင်စေဖို့  ဒီဇယ်နဲ့မောင်းနှင်တဲ့ မီးအားပေး စက်တွေလည်း ပွင့်လာခဲ့ပါတယ်။ သို့သော် ငလျင် ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီရေလှိုင်းကြီးတွေဟာ ၄၆ ပေအထိ မြင့်မားတဲ့အတွက် ရေတားနံရံတွေကို ကျော်လွန်ရောက်ရှိလာပြီး  ဓာတ်ပေါင်းဖို  လေးခု အတွင်း ရေတွေဝင်ရောက်ခဲ့ပါတယ်။ အကျိုးဆက် အဖြစ် ဒီဇယ်နဲ့မောင်းနှင်တဲ့ မီးအားပေးစက်တွေ ပျက်စီးသွားတဲ့အတွက် အအေးခံစနစ်ပျက်စီးသွား ပြီး  အဏုမြူပျော်ကျမှု (nuclear meltdown)၊ ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု (hydrogen explosion) တွေ ဖြစ်ပွားခဲ့ပြီး ဓာတ်ပေါင်းဖို  သုံးခုမှာ  အဏုမြူ ဓာတ်ကြွပစ္စည်းတွေ စိမ့်ထွက်မှုဖြစ်ပေါ်ခဲ့ရပါတယ်။ ပျက်စီးသွားတဲ့  ဓာတ်ပေါင်းဖိုတွေကနေ  ရေဒီယို သတ္တိကြွပစ္စည်းတွေ   လေထုထဲကို   ပျံ့လွင့်ခဲ့တဲ့ အတွက်   အနီးတစ်ဝိုက်ဒေသမှာ  နေထိုင်ကြတဲ့ ဒေသခံပြည်သူ   ၁၅၄၀၀၀  ကျော်ကို  အန္တရာယ် ကင်းလွတ်ရာဒေသဆီ   ရွှေ့ပြောင်းပေးခဲ့ရသလို ဓာတ်ပေါင်းဖိုထဲ ဝင်ရောက်လာတဲ့ ရေတွေမှာလည်း ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တွေ စိမ့်ဝင်ခဲ့ပြီး အချို့ ရေတွေလည်း ပစိဖိတ်သမုဒ္ဒရာထဲ ပြန်လည်စီးဝင် ရောက်ရှိခဲ့ပါတယ်။  ဒီဖြစ်စဉ်ကြီးဟာ  ဂျပန်နိုင်ငံ အတွက် ရေရှည်ရင်ဆိုင် ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာရဲ့ မူလအစ ဖြစ်လာခဲ့ပါတယ်။ 

 


ဂျပန်အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုများ

၂၀၁၁ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖိုမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရခြင်းဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးနဲ့  လူမှုရေးဆိုင်ရာ  အခက်အခဲတွေကို ကြုံတွေ့လာစေခဲ့ပါတယ်။ ဒီအခက်အခဲအများစုကို ဂျပန်နိုင်ငံဟာ ဇွဲလုံ့လဝီရိယစိုက်ထုတ်ကြိုးပမ်းခဲ့ သလို     တီထွင်ဖန်တီးနိုင်စွမ်းအားတွေအပေါ် အခြေခံပြီး ဖြေရှင်းခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ဂျပန်နိုင်ငံဟာ  ရေဒီယိုသတ္တိကြွပစ္စည်းတွေ  ပါဝင် နေတဲ့ရေတွေ ပင်လယ်ပြင်ထဲ စီးဝင်နေမှု ရပ်တန့် စေဖို့    ဓာတ်ပေါင်းဖိုအနီးတစ်ဝိုက်    ကမ်းရိုးတန်းမှာ ရေခဲနံရံ (Ice Wall) လို့ခေါ်တဲ့  အေးခဲထားတဲ့ မြေကြီးတွေနဲ့ ၁ ဒသမ ၅ ကီလိုမီတာအရှည်ရှိတဲ့ ရေတားနံရံကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ဂျပန်နိုင်ငံ ဒိုင်းယက်လွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ဖူကူရှီးမား အဏုမြူဓာတ်ပေါင်း ဖို မတော်တဆဖြစ်စဉ်အတွက်   လွတ်လပ်စွာစုံစမ်း စစ်ဆေးရေးကော်မရှင် (National Diet of Japan Fukushima Nuclear Accident Independent Investigation Commission-NAIIC) ဟာ လိုအပ် တဲ့  စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ 

 


အစီရင်ခံစာမှာ ဖူကူရှီးမား အဏုမြူဓာတ်ပေါင်း ဖိုတွေကို   တာဝန်ယူဆောင်ရွက်နေတဲ့   တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ (Tokyo Electric Power Company-TEPCO)  ဟာ  အန္တရာယ်ဖြစ်နိုင်ခြေ ကြိုတင်လေ့လာဆန်းစစ်မှု  (Risk assessment)၊ ကြိုတင်မျှော်မှန်းမထားတဲ့   အပျက်အစီးတွေ ဖြစ်လာရင်    ကိုင်တွယ်ဆောင်ရွက်မှုအစီအစဉ်တွေ နဲ့  ကယ်ဆယ်ရေးအစီအစဉ်တွေစတဲ့    လုံခြုံရေး ဆိုင်ရာ အခြေခံလိုအပ်ချက်တွေ ပြည့်မီမှုမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ TEPCO ကလည်း နောက်ပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ 

 


ဂျပန်အစိုးရဟာ  ပျက်စီးသွားတဲ့   အဏုမြူ ဓာတ်ပေါင်းဖိုတွေဆီက   လောင်စာတောင့်တွေကို အအေးပေးနိုင်ဖို့    ရေနဲ့အမြဲဖျန်းနေရပါတယ်။ ဒီအအေးခံတဲ့ရေတွေဟာ     အဏုမြူလောင်စာနဲ့ ထိတွေ့ပြီးနောက်မှာ ရေဒီယိုသတ္တိကြွပစ္စည်းများ ရောနှောပါဝင်လာပါတယ်။  ဒီရေဒီယိုသတ္တိကြွရေ (contaminated water)  တွေကို   ဂျပန်အစိုးရဟာ ဖူကူရှီးမားဓာတ်ပေါင်းဖိုအနီးတစ်ဝိုက်မှာ ရေလှောင် ကန်ကြီးတွေဆောက်ပြီး သိုလှောင်ထားရပါတယ်။ ပြီးတော့မှ သိုလှောင်ထားတဲ့  ရေတွေကို Multi-nuclide removal equipment    စက်ကြီးတွေ အသုံးပြုပြီး    Advanced Liquid Processing System (ALPS)   နည်းစနစ်တွေနဲ့  ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို ဖယ်ထုတ်ခဲ့ပါတယ်။ ဖယ်ထုတ်လို့မရ တဲ့ ထရစ်တြီယံ (Tritium) ပစ္စည်းကလွဲလို့  ကျန် ရေဒီယိုသတ္တိကြွပစ္စည်းတွေကို   ဖယ်ရှားပြီးတဲ့ရေ (Treated water) ကိုလည်း    သိုလှောင်ကန်တွေမှာပဲ ဆက်လက်သိုလှောင်ထားပါတယ်။    ထရစ်တြီယံ ပစ္စည်းကလည်း ပမာဏသိပ်မများရင် အငွေ့ပျံသွား နိုင်လို့    သဘာဝပတ်ဝန်းကျင်နဲ့   လူသားတွေရဲ့ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ပညာရှင်တွေ က ထောက်ပြပါတယ်။ 

 


ဖူကူရှီးမားဓာတ်ပေါင်းဖိုမှာ ရေဒီယိုသတ္တိကြွရေ တန်ချိန်ပေါင်း ၁ ဒသမ ၂၅ သန်းကို လှောင်ကန် ပေါင်း ၁၀၀၀ ကျော်နဲ့ သိုလှောင်ထားရသလို ၂၀၁၁ မြေငလျင်ကြောင့်  ပျက်စီးသွားတဲ့  ဓာတ်ပေါင်းဖို သုံးခုကို အအေးခံနေရတဲ့လုပ်ငန်းစဉ်ကနေ နေ့စဉ် ရေဒီယိုသတ္တိကြွရေတန်ချိန်   ၁၅၀   ထွက်ရှိနေပါ တယ်။ လှောင်ကန်တွေရဲ့ ရေသိုလှောင်နိုင်မှုပမာဏ က တန်ချိန် ၁ ဒသမ ၃၇ သန်းသာ ရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ လှောင်ကန်တွေပြည့်တော့မယ့် အခြေ အနေမှာရှိနေပါတယ်။    ဒီသန့်စင်ပြီးရေတွေ ပျောက်ပျက်သွားစေဖို့ နည်းလမ်း နှစ်ရပ်ကို ပညာရှင် တွေက အဆိုပြုထားပါတယ်။ ပထမနည်းလမ်းက အငွေ့ပျံစေတဲ့နည်းလမ်း (evaporation method) ဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ ပင်လယ်ပြင်ထဲကို ပြန်လည်စွန့်ပစ်ခြင်းပဲ ဖြစ်ပါတယ်။

 


အငွေ့ပျံစေတဲ့   နည်းလမ်းကို   ၁၉၇၉  ခုနှစ်က   အမေရိကန်ပြည်ထောင်စု   ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာရှိတဲ့ Three Miles Island အဏုမြူ ဓာတ်ပေါင်းဖို မတော်တဆဖြစ်မှုမှာ  ထွက်ပေါ်လာ တဲ့  ရေဒီယိုသတ္တိကြွပစ္စည်းတွေကို သန့်စင်ရာမှာ  အသုံးပြုခဲ့ပါတယ်။ သို့သော် အခုဖူကူရှီးမားဖြစ်စဉ် မှာ  ရေပမာဏဟာ   တန်ချိန်သန်းပေါင်းများစွာ     ရှိနေတဲ့အတွက်     အငွေ့ပျံစေတဲ့နည်းလမ်းက  လက်တွေ့မဆန်တာကို တွေ့မြင်နိုင်ပါတယ်။

 


ဒါကြောင့်  ဂျပန်အစိုးရဟာ  ပြန်လည်ပြုပြင် သန့်စင်ပြီးတဲ့   ရေတွေကို    ပင်လယ်ပြင်ထဲကို ပြန်လည်စွန့်ပစ်ဖို့   ဆုံးဖြတ်ခဲ့ပုံရပါတယ်။   ဒီလို ဆုံးဖြတ်ခဲ့ရတာလည်း      သိုလှောင်ထားရှိနိုင်မှု စွမ်းရည်အကန့်အသတ်   ရှိလာပြီဖြစ်လို့  မလွှဲသာ မရှောင်သာ အခြေအနေမျိုးရောက်လာလို့  ဆုံးဖြတ် ခဲ့ရတာလို့   သိရပါတယ်။   ဒီလိုစွန့်ပစ်ရာမှာတောင် တဖြည်းဖြည်းနဲ့  စွန့်ပစ်ရမှာဖြစ်လို့  စတင်စွန့်ပစ် နိုင်ဖို့တောင် အချိန် နှစ်နှစ်လောက်ယူရမှာဖြစ်ပြီး တန်ချိန်  ၁  သန်းကျော်ကို  စွန့်ပစ်ဖို့   နှစ်  ၃၀ လောက်ကြာမယ်လို့     သိရပါတယ်။   ပြန်လည် သန့်စင်ပြီးတဲ့ ရေတွေမှာ ပါဝင်တဲ့ ရေဒီယိုသတ္တိကြွ မှုအဆင့်ဟာ   ပုံမှန်သောက်သုံးရေမှာ   ပါဝင်တဲ့ အဆင့်ထက်ပင်  လျော့နည်းကြောင်း၊  ဂျပန်အစိုးရ အနေနဲ့ ပြည်တွင်းစံနှုန်းများနဲ့ နိုင်ငံတကာစည်းမျဉ်း သတ်မှတ်ချက်တွေထက်   ကျော်လွန်ပြီး   လုံခြုံမှု အာမခံချက်ပေးနိုင်မယ့်   နည်းလမ်းတွေနဲ့    ဆောင် ရွက်သွားမှာဖြစ်ကြောင်း   ပြောကြားခဲ့ပါတယ်။  ဒါ့အပြင်   နိုင်ငံတကာ   အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေး မှု လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ သို့သော်  ပြည်ပက ရော၊ ပြည်တွင်းကပါ ကန့်ကွက်မှုတွေ ထွက်ပေါ်လာ ခဲ့ပါတယ်။ 

 


ပြည်တွင်းပြည်ပ ကန့်ကွက်မှုများ


ဂျပန်နိုင်ငံရဲ့   ဆုံးဖြတ်ချက်နဲ့   ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေက   ကန့်ကွက်မှုတွေ  ပြုလုပ် ခဲ့ကြပါတယ်။ တရုတ်နိုင်ငံက ဂျပန်နိုင်ငံရဲ့  လုပ်ရပ် ဟာ   တာဝန်ယူမှုကင်းမဲ့တဲ့    ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေရဲ့ ကျန်းမာရေး၊ စိတ်ချလုံခြုံရေးနဲ့ အရေးပါတဲ့ အကျိုး စီးပွားတွေအပေါ် ဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်း၊ ကုလသမဂ္ဂ    ပင်လယ်ပြင်ဥပဒေ   ကွန်ဗင်းရှင်း (UNCLOS)   အဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့  ဂျပန်နိုင်ငံ အနေနဲ့ကွန်ဗင်းရှင်းပါအချက်တွေကို  လိုက်နာဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင်  ရေဒီယိုသတ္တိကြွပြီး ပြန်လည်သန့်စင်ထားတဲ့ရေတွေကို ပင်လယ်ပြင်ထဲ စွန့်ပစ်တာဟာ နောင်ဆိုရင် အစဉ်အလာတစ်ရပ် ဖြစ်သွားနိုင်ကြောင်း၊   ပင်လယ်ပြင်ဟာ   အမှိုက် စွန့်ပစ်ရန်နေရာ မဟုတ်ကြောင်း၊  ဖော်ပြထားတဲ့ ထုတ်ပြန်ချက် တစ်စောင်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက   ထုတ်ပြန်ခဲ့ပါတယ်။   ဂျပန်နိုင်ငံ အနေနဲ့   နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  စိုးရိမ်ပူပန်မှု တွေကို ထည့်သွင်းမစဉ်းစားဘဲ၊ နိုင်ငံတကာအသိုင်း အဝိုင်းနဲ့     ညှိနှိုင်းဆွေးနွေးမှုတွေ   မပြုလုပ်ဘဲ  ဆုံးဖြတ်ချက်မချဖို့နဲ့ အဆိုပါကိစ္စအပေါ် ဆက်လက် ဆောင်ရွက်လာခဲ့မယ်ဆိုရင်  လိုအပ်တဲ့အရေးယူမှု တွေ ပြုလုပ်သွားဖို့ တရုတ်နိုင်ငံအနေနဲ့ အခွင့်အရေး ရှိကြောင်း ပြောကြားခဲ့ပါတယ်။

 


အလားတူ    တောင်ကိုရီးယားနိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့  လုံခြုံရေးနဲ့    ပင်လယ်ရေ ကြောင်း သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေ မယ့်   အခြေအနေတွေ   ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဂျပန်နိုင်ငံရဲ့   ဆုံးဖြတ်ချက်ကို   လုံးဝလက်မခံနိုင် ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုးလ်မြို့မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့  ၎င်းနဲ့အနီး ဆုံး  အိမ်နီးချင်းဖြစ်ပြီး  ပင်လယ်ချင်းထိစပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက် သတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းအပေါ် ကန့်ကွက် ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ အခုလိုလုပ်ဆောင်မယ့်ကိစ္စအပေါ်   ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာတရားရုံး (International Tribunal for the Law of the Sea) ကို တင်ပြသွားဖို့ လည်း သမ္မတ မွန်ဂျေအင်းက  ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။              

(ဆက်လက်ဖော်ပြပါမည်)