ဂါဇာတောင်ပိုင်းတွင် အစ္စရေးတို့ ထိုးစစ်အရှိန်မြှင့်ပြီး ဟားမားစ်ခေါင်းဆောင်ကို ပိုက်စိပ်တိုက်ရှာဖွေ

 

ဂါဇာ   ဒီဇင်ဘာ   ၆  


အစ္စရေးမြေပြင်တပ်ဖွဲ့ဝင်များသည် ဂါဇာဒေသ၏ အဓိက     မြို့တစ်မြို့ဖြစ်သော      ခန်ယွန်နစ်မြို့ကို ထိုးဖောက်ဝင်ရောက်မှုနှင့်အတူ ဂါဇာတောင်ပိုင်း၌  ထိုးစစ်ဆင်မှုများကို     အရှိန်မြှင့်တင်လျက်ရှိပြီး ဟားမားစ်ခေါင်းဆောင်ကို     ပိုက်စိပ်တိုက်ရှာဖွေ လျက်ရှိသည်။ 


လွန်ခဲ့သော   ၂၄   နာရီအတွင်း     လေကြောင်း တိုက်ခိုက်မှု ၂၅၀ ကျော် လုပ်ဆောင်ခဲ့ကြောင်းနှင့် မြေပြင်တပ်ဖွဲ့များနှင့် တင့်ကားများကို ခန်ယွန်နစ် မြို့သို့    ပို့ဆောင်ခဲ့ကြောင်း    အစ္စရေးစစ်ဘက်က ပြောကြားခဲ့သည်။ 


အစ္စရေးတပ်ဖွဲ့များသည်      ခန်ယွန်နစ်မြို့ကို ပစ်မှတ်ထား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဒေသခံများကို    လုံခြုံရေးအတွက်    တောင်ဘက် အစွန်ပိုင်းများကို ပြောင်းရွှေ့ရန် တိုက်တွန်းထား သည်။ မြို့ပြင်တွင်လည်း မြောက်ဘက်ကို ဦးတည် နေသည့်      အဓိကလမ်းမကြီးကို    အစ္စရေးတို့က ပိတ်ထားသည်။ 


ကာတာအခြေစိုက်    ဂြိုဟ်တုရုပ်မြင်သံကြား ဌာနဖြစ်သော   အယ်လ်ဂျားဇီးရားတွင်  အစ္စရေး တင့်ကားများ ခန်ယွန်နစ်မြို့အနီးတွင် တွေ့မြင် လိုက်ပုံကို ဖော်ပြထားသည်။ 


ပြင်းထန်သည့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိသောကြောင့် အရပ်သားသေဆုံးမှုများလည်း  မြင့်တက်လာသည်။  အစ္စရေးတို့၏  လေကြောင်း တိုက်ခိုက်မှုသည်     ဂါဇာဒေသ၏    အဓိကမြို့ရှိ ရွှေ့ပြောင်းသူများ မှီတင်းနေထိုင်ရာ စာသင်ကျောင်း နှစ်ကျောင်းကို ထိမှန်ခဲ့ရာ ၅၀ ထက်မနည်းသေဆုံး ခဲ့ကြောင်း ပါလက်စတိုင်း မီဒီယာက ဖော်ပြသည်။ 
ဂါဇာရှိ ဟားမားစ်ခေါင်းဆောင် ရီဟာဆင်ဝါးနှင့်  တခြားထိပ်တန်းအရာရှိများသည်    ခန်ယွန်နစ်ရှိ မြေအောက်ဥမင်လိုဏ်ခေါင်းများထဲတွင် ပုန်းအောင်း နေသည်ဟု    သံသယဖြစ်ပွားလျက်ရှိသောကြောင့် အစ္စရေးတပ်ဖွဲ့များက       ဥမင်လိုဏ်ခေါင်းများကို အဓိက ရှာဖွေလျက်ရှိသည်။ 


အောက်တိုဘာ ၇ ရက် ပဋိပက္ခစတင်ဖြစ်ပွား ချိန်မှစကာ လူပေါင်း ၁၆၂၄၈ ဦး သေဆုံးခဲ့သည်။ ဒီဇင်ဘာ  ၁  ရက်တွင်  အစ္စရေးတို့   တိုက်ခိုက်မှုများ ပြန်လည်စတင်လိုက်ချိန်မှစကာ လေးရက်အတွင်း နောက်ထပ်သေဆုံးသူ  ဦးရေ ၇၀၀ နီးပါးရှိကြောင်း အတည်ပြုခဲ့သည်။ 


ဟားမားစ်တို့ကလည်း  အစ္စရေးစစ်သုံးယာဉ်  ၂၈   စီးကို   ဖျက်ဆီးနိုင်ခဲ့ပြီး    တပ်ဖွဲ့ဝင်များကို သုတ်သင်နိုင်ခဲ့ကြောင်း၊   ထို့ပြင်   တယ်အဗစ်နှင့် တခြားနေရာများကို  ပစ်မှတ်ထားပြီး   ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း ပြောသည်။ 


ဂါဇာတောင်ပိုင်းတွင် အစ္စရေးတို့ ထိုးစစ်အရှိန် မြှင့်တင်လိုက်သောကြောင့်  အရပ်သား  သေဆုံးမှု များလာမည်ကို စိုးရိမ်လျက်ရှိသည်။ အောက်တိုဘာ ၇ ရက်မှစကာ ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ ၈၀ ရာခိုင်နှုန်းကျော် သို့မဟုတ် ၁ ဒသမ ၉ သန်း ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။ 


ဂါဇာဒေသမှ     နေရပ်စွန့်ခွာသူ     လူပေါင်း ၅၀၀၀၀၀   မှာ   ရာဖာ့မြို့သို့  ဦးတည်သွားနိုင်ပြီး   အဆိုပါမြို့မှာ    မူလကမှ      လူဦးရေထူထပ်နေပြီး နောက်ထပ်ရောက်လာမည့်သူများအတွက်    လက်ခံ နိုင်မည့်    အခြေအနေမရှိဟု     ကုလအေဂျင်စီက ပြောသည်။ ရာဖာ့မြို့သို့  လူဦးရေ  သန်းတစ်ဝက်နီးပါး   ရွှေ့ပြောင်းလာနိုင်သည်ဟု ပါလက်စတိုင်း ဒုက္ခသည် များဆိုင်ရာ   အလုပ်သမားနှင့် သက်သာချောင်ချိရေး အေဂျင်စီမှ ညွန်ကြားရေးမှူးဖြစ်သူ သောမတ်ဝှိုက် က  ပြောသည်။   သို့သော်လည်း   မြို့မှာလူဦးရေ ပြည့်ကျပ်နေပြီဖြစ်သည့်အတွက်      နောက်ထပ် တိုးလာမည့်    လူများအတွက်     ဖြေရှင်းနိုင်မည် မဟုတ်ဟု ၎င်းက ဆက်ပြောသည်။ 


ရာဖာ့မြို့တွင် ပုံမှန်အားဖြင့် လူဦးရေ ၂၈၀၀၀၀ သာရှိသော်လည်း  ယခုအခါ  လူပေါင်း ၄၇၀၀၀၀    ကို လက်ခံထားရသည်။ ပါလက်စတိုင်း ဒုက္ခသည် များဆိုင်ရာ အလုပ်သမားနှင့် သက်သာ ချောင်ချိရေး အေဂျင်စီက ရွက်ဖျင်တဲပေါင်း ၃၀၀ ကို ပြင်ဆင်ထား သော်လည်း ထောင်ပေါင်းများစွာသောလူများမှာ အမိုးအကာမရှိဘဲ နေထိုင်နေရသည်။ 


အင်န်အိတ်ချ်ကေ