
ဘာလင် မတ် ၆
ဂျာမနီနိုင်ငံရှိ တက်စလာ ကားစက်ရုံအနီး၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားကြောင်း သိရ သည်။
အဆိုပါ မီးလောင်မှုမှာ ရှို့မီးဟုသံသယရှိသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံရဲတပ်ဖွဲ့က ပြောသည်။ တက်စလာကား စက်ရုံသည် ဂျာမနီနိုင်ငံအရှေ့ပိုင်းရှိ ဘရန်ဒန်ဘာ့ဂျ်၌ တည်ရှိပြီး မတ် ၅ ရက်က မီးလောင်မှုကြောင့် လျှပ်စစ်တာဝါတိုင် ပျက်စီးခဲ့ရပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်၍ လုပ်ငန်းလည်ပတ်မှု ကို ရပ်နားထားရသည်။
စက်ရုံ၏ ထုတ်လုပ်မှုလုပ်ငန်းများ အနှောင့် အယှက်ဖြစ်စေရန် လက်ဝဲစွန်းရောက် သဘာဝ ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားမှုအုပ်စုက မီးစတင် ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြ သည်။
၂၀၂၁ ခုနှစ်ကလည်း တက်စလာစက်ရုံရှိရာ နေရာ၌ ဓာတ်အားပေးစက်ရုံကို အဆိုပါအုပ်စု ကပင် မီးရှို့မှုပြုလုပ်ခဲ့သည်ဟု ပြည်နယ်အာဏာပိုင် များက ပြောသည်။ အဆိုပါစက်ရုံ တည်ရှိရာနေရာမှာ ဥရောပတွင် တက်စလာ၏ ပထမဆုံးထုတ်လုပ်ရေး နေရာလည်းဖြစ်သည်။
ယင်းစက်ရုံတွင် လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် လူပေါင်း ၁၂၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိသည်။ လာမည့်ရက်အနည်း ငယ်ကြာသည်အထိ ဓာတ်အားရရှိမှုတွင် အဟန့် အတားများရှိနေဦးမည်ဟု စက်ရုံအာဏာပိုင်များ ကပြောသည်။ ယခုသီတင်းပတ်အတွင်း ထုတ်လုပ် ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဦးမည်မဟုတ် ဟု သိရသည်။
အင်န်အိတ်ချ်ကေ