
နေပြည်တော် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးခဲ့သည့် တပ်မတော် နယ်လှည့်အထူးကုဆေး အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကု ဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူ ၁၃၉၂၈ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၇၈၂ ဦး၊ ခွဲစိတ်ရောဂါ ၉၈၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၃၈ ဦး၊ကလေးရောဂါ ၅၃၂ ဦး၊ အရိုး ရောဂါ ၂၇၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၈၅၃ ဦး၊ မျက်စိရောဂါ ၂၈၈၄ ဦးနှင့် သွားနှင့် ခံတွင်း ရောဂါ ၇၉၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာ ၅၁ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၆၈ ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၆၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၅၉၉ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၂၆၇ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၄၁၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင် နှစ်ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင် ခဲ့ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁၃ ဦးတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုပေးအပ်ချီးမြှင့်သည့် လက်ဆောင်ပစ္စည်း များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးက ပေးအပ်ချီးမြှင့်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များ ပါဝင် သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့အနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန် ခက်ခဲ သော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈) ကြိမ်မြောက် ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၁၇၈၇၃၅ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ် ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၈ ဦး တို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်