ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

နေပြည်တော် မတ် ၁၃ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌ မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်း ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်မီးလင်း ရေးလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အရှိန် အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် မဟာ ဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၅ ဒသမ ၂ ရာခိုင် နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ စက်ဆန်းကျေးရွာ တွင် ဆောင်ရွက်သည့် ဆိုလာ ၇၁၂ ကီလိုဝပ်နှင့် ကီလိုဝပ် ၂၄၀ အရန်ဒီဇယ် အင်ဂျင်စနစ်ပါဝင်သော ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ၆၀ ရာခိုင် နှုန်း၊ ကျေးရွာနေပြည်သူများမှ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းမှ ကျေးရွာ ရှိ အိမ်ထောင်စုပေါင်း ၁၃၀၀ ကျော် အကျိုးခံစားခွင့် ရရှိရန် မျှော်မှန်းထားပြီး လက်ရှိတွင် အိမ်ထောင်စု ပေါင်း ၈၀၀ ကျော် အကျိုးခံစားခွင့်ရရှိပြီ ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် မီးလင်းရေးလုပ်ငန်းများအပါအဝင် သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီး အတွင်းရှိ ဆိုလာ Mini-Grid လုပ်ငန်း စီမံကိန်း အားလုံး ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၃ ဒသမ ၆၂၃၆ မီဂါဝပ်ကို ထုတ်လွှတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်း၊ ရေပေးရေးတို့ကိုလည်း ပြည်ထောင်စု ရန်ပုံငွေနှင့်အတူ တိုင်းဒေသကြီး ရန်ပုံငွေများတွင်ပါ လျာထားပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုမီးလင်းရေးစနစ် ရေရှည်တည်တံ့ အောင်မြင် စေရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစား အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်နေပြည်သူများ မီးရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဆိုလာအသေးစားဓာတ်အားပေး စနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ (အပေါ်ယာပုံ) ထို့နောက် မီးလင်းရေးစက်ရုံ ကမ္ပည်းမော်ကွန်း အား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီး ဆိုလာ အသေးစား ဓာတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ် ဓာတ်အား သွယ်တန်းထားမှုကို ကြည့်ရှုစစ်ဆေး ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ ဧရာဝတီတိုင်းဒေသကြီးသည် စပါးကျီဖြစ်ပြီး ဆန်စက်များစွာရှိကာ ဆန်စက်မှထွက်ရှိသည့် ဖွဲနုမှ ဖွဲနုဆီ ထုတ်လုပ်နိုင်ရေး၊ နေကြာတိုးချဲ့ စိုက်ပျိုး နိုင်ရေး လိုအပ်သည့် မျိုး၊ သွင်းအားစုများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ မတည်ရန်ပုံငွေ ဆောင်ရွက်ပေးနိုင်မှု၊ ကုန်ထုတ်လမ်း နှင့် ဆိုလာစနစ် စိုက်ပျိုးရေ ရရှိရေးနှင့် သမဝါယမ အစုအဖွဲ့များ၊ အသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးနိုင်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းက နေကြာတိုးချဲ့ စိုက်ပျိုးရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မျိုး၊ သွင်းအားစု လိုအပ်ချက်များ၊ ချေးငွေရရှိရေး အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ရန်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်ဆွေးနွေးမှာကြား သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ဘိုကလေးမြို့နယ် ကျောင်းကုန်းကျေးရွာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကညင်ကုန်းကျေးရွာတွင် ရေသန့်စင်စနစ် လည်ပတ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်