
နေပြည်တော် ဇူလိုင် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုး အောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသို့ ရောက်ရှိ ပြီး အစည်းအဝေးခန်းမ၌ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသ ကြီးအဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရေဘေးကာကွယ်ဧရိယာ ပြင်ပ အနိမ့်ပိုင်းဒေသများတွင် စိုက်ပျိုး ထားရှိသော သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို အရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ ရေကြီးနစ်မြုပ် ပြီးနောက် ကျရောက်တတ်သည့် သီးနှံပိုးမွှား ရောဂါများအား ကာကွယ်နှိမ်နင်းရမည့် လုပ်ငန်း စဉ်များ၊ မွေးမြူရေး တိရစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ် နိုင်ရေး၊ တိရစ္ဆာန်အသက်ကယ် ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီ ပြောင်းရွှေ့ခြင်း လုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ဆေး ကုသဆေးများ၊ တိရစ္ဆာန် ဖြည့်စွက်စာများ ကြိုတင်စုဆောင်း ထားရှိခြင်းတို့ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်သူများအား မြို့နယ်နှင့်ခရိုင်အလိုက် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့်ပညာပေး လုပ်ငန်းနှင့် အကူအညီများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် အစရှိသည့် မြို့နယ်များရှိ စုစုပေါင်း ဧရိယာ ၃၃၉၃၈၁ ဧက ကို ရေဘေးကာကွယ်မှု အကျိုးပြု လျက်ရှိသည့် အလျား ၈၃ ဒသမ ၈၇ မိုင်ရှိ ဧရာဝတီ - ဟင်္သာတ တာ ၏ ရေကင်းစခန်းများဖြစ်သည့် ဟင်္သာတမြို့နယ်၊ အိပ်ပျက် ရေကင်းစခန်း တာမိုင် ၃မိုင် ၅ ဖာလုံ၊ ဦးပါရဲ ရေကင်းစခန်း တာမိုင် ၈ မိုင် ၄ ဖာလုံ၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် လေးမျက်နှာ မြို့နယ်များမှ ဧရိယာ ၃၀၀၃၈၄ ဧကကို ဧရာဝတီမြစ်ခွဲ တစ်ခုဖြစ်သော ငဝန်မြစ်၏ ရေကြီးနစ်မြုပ်မှု ကာကွယ်ထားသည့် အလျား ၇၃ ဒသမ ၈၆၅ မိုင်ရှိ ငဝန်တာ၊ လိပ်ချောင်း ရေကင်းစခန်း တာမိုင် ၃ မိုင် ၂ ဖာလုံ၊ ဂမ္ဘီ ၉ မိုင်၊ မြို့ကွင်း တာမိုင် ၁၂ မိုင် ၁ ဖာလုံ တို့သို့ ရောက်ရှိကြပြီး ရေဘေးကာကွယ် ရေးလုပ်ငန်းများအတွက် ရေကင်း စခန်းများ ဖွင့်လှစ်ထားရှိမှု၊ အရေးပေါ်ပစ္စည်းများ စုဆောင်း ထားရှိမှု၊ တာတမံလုပ်သားများ ခန့်အပ်ထားရှိမှုနှင့် ရေဘေး ကာကွယ်ရေးလုပ်ငန်းများ ကြိုတင် ဆောင်ရွက်နိုင်ရန်အတွက် စက် ယန္တရားကြီးများ အသင့်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယ ဝန်ကြီးက တာတမံနိမ့်ကျမှု ကြောင့် ရေကျော်ခြင်း၊ သဲဗွက်ထ ခြင်း၊ တာအိခြင်း၊ ရေပေါက် (ထူးပေါက်) ပေါက်ခြင်း စသည့် တာတမံ ထိခိုက်စေနိုင်သည့် အချက်များတွေ့ရှိပါက ကာကွယ် ရန်နည်းလမ်းများ၊ သတိပြုရမည့် အချက်များ၊ အချိန်မီကာကွယ်နိုင် ရေးလုပ်ငန်းစဉ်များ၊ ဆောင်ရွက် ရန် လိုအပ်ချက်များ၊ စုဆောင်း ထားရှိသည့် အရေးပေါ်ပစ္စည်း များကို လိုအပ်သည့်နေရာများသို့ အမြန်ဆုံး သယ်ယူပို့ဆောင်နိုင် ရေးနှင့်ထပ်မံလိုအပ်ပါက ရေလမ်း ကုန်းလမ်းမှ ဖြည့်စွက်ထားရှိနိုင် ရေး ကြိုတင်စီစဉ်ထားရန် လိုအပ် ချက်များ၊ တာတမံ ဝန်ထမ်းများ၊ တာလုပ်သားများ၊ ရပ်ကွက် ကျေးရွာများမှ တာဝန်ကျ တာလုပ် သားများ၏ ကျန်းမာရေး အထူးဂရုပြုရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဟင်္သာတမြို့နယ် မြို့ကွင်း လျှပ်စစ်မြစ်ရေတင် လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တောင်သူများ မျိုးကောင်း၊ မျိုးသန့် ရရှိအသုံးပြုနိုင်စေရန်နှင့် စိုက်ချိန်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ များ၊ ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လိုအပ်ချိန် တွင် ရေသောက်ဧရိယာအတွင်း အချိန်မီရေပေးဝေနိုင်ရေး အလေး ထားဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒေသခံ တောင်သူများနှင့် တွေ့ဆုံကာ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး အတွက် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်