ဧပြီနှင့် မေလအတွင်း ချင်းမိုင်၊ ဗီယင်ကျန်း၊ဒါကာမြို့များသို့ MAI မှ လေကြောင်းခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲမည်

 

ရန်ကုန်  မတ်   ၈


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)သည် ဧပြီလနှင့် မေလအတွင်း  ချင်းမိုင်၊  ဗီယင်ကျန်း၊ ဒါကာမြို့များသို့ ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မတ် ၈ ရက် မွန်းလွဲ  ၂ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ကျင်းပသည့်  MAI FlightForward အခမ်းအနားမှ သိရသည်။  


ခရီးစဉ်သစ်များဖြစ်သည့်    ထိုင်းနိုင်ငံ ချင်းမိုင်သို့ ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှစ၍ အပတ် စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့  ၂၀၂၄ ခုနှစ် မေ ၄ ရက်မှစ၍ အပတ်စဉ် အင်္ဂါနှင့် ကြာသပတေး နေ့တိုင်း၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဒါကာမြို့သို့ ၂၀၂၄ ခုနှစ် မေ ၈ ရက်မှစ၍ အပတ်စဉ်   ဗုဒ္ဓဟူး နှင့် တနင်္ဂနွေနေ့တိုင်းနှင့် UAE နိုင်ငံ ဒိုဟာ မြို့သို့  ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှစ၍ အပတ်စဉ် အင်္ဂါနှင့်   စနေနေ့တိုင်း   အသီးသီးပြေးဆွဲ ပေးသွားမည်ဖြစ်ကာ   ဒူဘိုင်း၊   ကွမ်ကျိုးနှင့်   ထိုင်းနိုင်ငံ ဘန်ကောက် ဒွန်မောင်းလေဆိပ် များသို့ အကြိမ်ရေ ထပ်တိုးပြေးဆွဲသွားမည် ဖြစ်သည်။


“ကျွန်တော်တို့ရဲ့       ခရီးသည်တွေနဲ့ မိတ်ဖက်များထံမှ    မယိမ်းယိုင်သွားသော ယုံကြည်မှုများနဲ့ ပံ့ပိုးမှုများကြောင့် ကျွန်တော် တို့ရဲ့    နိုင်ငံအတွက်    မရှိမဖြစ်လိုအပ်တဲ့ လေကြောင်းဆက်သွယ်မှုများကို ဆက်လက် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်”  MAI ၏ acting Chief Executive Officer and Chief Comm-ercial Officer Mr. Tanes Kumar က ပြောသည်။


ခရီးစဉ်အသစ်များ ပြေးဆွဲပေးမည်


ဆက်လက်၍  ကုန်စည်သီးသန့်သယ်ယူပို့ဆောင်ရေးခရီးစဉ်များကို ရန်ကုန်မှ ကူမင်း သို့ (နေ့စဉ်)၊ ဘန်ကောက်သို့ (တစ်ပတ်လျှင် ခြောက်ကြိမ်)နှင့်   ဖူးခက်သို့    အပတ်စဉ် တနင်္လာနေ့တိုင်း    ပြေးဆွဲလျက်ရှိသည်။  ထို့ အပြင်      ပြည်တွင်းခရီးစဉ်များဖြစ်သည့်     လားရှိုး၊ လွိုင်ကော်၊ နေပြည်တော်၊ ကလေးနှင့် ခန္တီးသို့     ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ဟုမ္မလင်းနှင့်   မော်လမြိုင်သို့လည်း   အသစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ပြည်ပ ခရီးစဉ် ၂၁ ခုနှင့် ပြည်တွင်းခရီးစဉ်   ၂၀   ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အာကာလင်း