
ရန်ကုန် ဇန်နဝါရီ ၂၆
အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်) ဇေယျာသီဟခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဦးစီး ဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့ အဖြစ် သတ်မှတ်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အကောက်ခွန်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက် သည့် အခွန်အကောက်များ အပြည့်အဝရရှိအောင် ကောက်ခံပေးနေသော အကောက်ခွန်ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်နှင့် အကောက်ခွန် ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ အားကောင်းလာစေ ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြသည် ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်က ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization- WCO) သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုနှစ် ဆိုလျှင် (၃၃) နှစ်တိုင် ရှိလာပြီဖြစ်ကြောင်း။
ယခု ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ဆောင်ပုဒ်မှာ “Customs-Engaging Traditional and New Partners with Purpose” ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ပုဒ်ကို ချမှတ်ခြင်းသည် ကမ္ဘာ့အခင်းအကျင်းတွင် အရှိန်အဟုန်ဖြင့်ပြောင်းလဲ လာသည့် နည်းပညာတိုးတက်မှုများ၊ ကုန်သွယ်မှု လျင်မြန်တိုးတက် ပြောင်းလဲလာမှုများနှင့်အတူ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်ရန်နှင့် အခွင့် အလမ်းများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်ခြင်းလည်း ဖြစ် ကြောင်း၊ အစိုးရဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်သူ များ၏ယုံကြည်မှုကိုရရှိရန် နိုင်ငံ့ဝန်ထမ်းတိုင်းတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် အကောက်ခွန်ဝန်ထမ်း များအနေဖြင့်လည်း ပြည်သူများ၏ယုံကြည်မှုကို အပြည့်အဝရရှိနိုင်ရေးအတွက် ကမ္ဘာ့အကောက်ခွန် အဖွဲ့က ထုတ်ပြန်ထားသော ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်စံနမူနာပြုပုံစံ (Model Code of Ethics and Conduct) ကို စောင့်ထိန်းနိုင်ရန် အရေးကြီး ကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုမှ နည်းပညာပလက်ဖောင်း လမ်းကြောင်းတွင် ခေတ်မီနည်းပညာများဖြင့် နိုင်ငံ့ တာဝန်ကို ထမ်းဆောင်နိုင်ရေးသည် အရေးကြီး ကြောင်း၊ လက်ရှိအကောင်အထည်ဖော်နေသည့် မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System- MACCS) စနစ်ကို အခြေခံပြီး နိုင်ငံတော်ပြတင်း တစ်ပေါက်စနစ် (National Single Window) နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင် ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော် နှင့် ဝန်ကြီးဌာနမှ ချမှတ်ထားသည့်မူဝါဒများနှင့် အကောက်ခွန်ဦးစီးဌာနကချမှတ်ထားသည့် မူဝါဒ ဖြစ်သော “ရှင်းလင်းလွယ်ကူသော အကောက်ခွန် လုပ်ထုံးလုပ်နည်းများဖြင့် ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရန်နှင့် ရသင့်ရထိုက်သောအခွန်ငွေများ ပြည့်ဝစွာရရှိစေရန်” တို့ကိုလည်း လိုက်နာဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားတွင် မှာကြားလိုသည် မှာ အကောက်ခွန်ဦးစီးဌာန၏ဂုဏ်ကို ရေရှည် လင်းလက်တောက်ပနေရန် အရှိန်မြှင့်တင်၍ အစွမ်းကုန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကောက်ခွန်ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက် မှုများကို ထာဝစဉ်မှတ်ကျောက်တင်ခံနိုင်စေရေး အတွက် အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းဆွေက အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့က အကောက်ခွန်ဦးစီးဌာနရှိ ဌာနခွဲများ အလိုက် ဂုဏ်ပြုမှတ်တမ်းတင်ဆုရ ဘောလုံးအသင်း၊ ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ လုပ်ငန်းစွမ်းဆောင် ရည် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ဂုဏ်ပြုမှတ်တမ်းတင် ဆုရရှိကြသူများ၊ ဘဏ္ဍာနှစ်အတွင်း အခွန်လျာထား ချက်ကျော်လွန်အောင် ကောက်ခံနိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြ သူများ၊ လုပ်ငန်းစွမ်းဆောင်ရည် ဂုဏ်ပြုမှတ်တမ်းတင်ဆုရရှိကြသူများ၊ သွေးလှူဒါန်းမှု(၅) ကြိမ်နှင့် အထက် ချီးကျူးဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းတင် ဆုရရှိကြသူများ၊ ဌာနခွဲအလိုက် လုပ်ငန်းစွမ်းဆောင် ရည်ဆု ရရှိကြသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသည့် အကောက်ခွန်ဝန်ထမ်းမိသားစုဝင်များကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်နှင့်အဖွဲ့သည် အကောက်ခွန်ဦးစီး ဌာန၏ တစ်နှစ်တာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် အကောက်ခွန်သမိုင်းပြတိုက်အတွင်း လှည့်လည် ကြည့်ရှုကြပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ် ရေးထိုးသည်။ ယင်းနောက် အကောက်ခွန်ဦးစီးဌာနရှိ E-Lock Control Room မှတစ်ဆင့် လုပ်ငန်းဆောင် ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်