
နေပြည်တော် မေ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက် နေသည့် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် လမ်းပြုပြင်ထိန်းသိမ်းမှုနှင့် မိုင်တိုင်(၅/၄) မှ (၁၇/၄)ထိ (၁၂)မိုင် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ တိုးလ်ဂိတ် ကောက်ခံနေမှုအခြေအနေများကို တာဝန်ရှိသူများ က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နေ့စဉ် ယာဉ်သွားလာမှု (AADT-Average Annual Daily Traffic) အရ ကုန်စည်စီးဆင်းမှု၊ ခရီးသွားယာဉ်များ သွားလာမှုနှင့် တိုးလ်ဂိတ်ကောက်ခံ ရရှိမှုအခြေအနေ တို့ကို စနစ်တကျဆောင်ရွက်ရန်၊ လမ်းများသက်တမ်း ပြည့်မီစွာ အသုံးပြုနိုင်ရေးအတွက် သတ်မှတ်ထား သည့် လမ်းခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်သွားလာ သည့် တန်ပိုယာဉ်များကို သတ်မှတ်နှုန်းဖြင့် ဒဏ်ကြေးပေးဆောင်စေရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၄၂ / ၆ - ၄၃ / ၀) နေရာရှိ လမ်းဦးစီးဌာန ဗိုလ်မြတ်ထွန်းဂိတ် (လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေးစခန်း)သို့ ကွင်းဆင်းစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်- ပုသိမ်လမ်း မိုင်(၈၆/၂)လမ်းစခန်း ရှင်းလင်းဆောင်၌ မိုင်(၇၄/၅ - ၉၆/၅)အတွင်း (၂၂)မိုင်ကို လာမည့် ဘဏ္ဍာရေးနှစ်တွင် Premix ဖြင့် ကတ္တရာလမ်းပေါက် ဖာခြင်းနှင့် လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာလမ်းခင်း ခြင်း ဆောင်ရွက်မည့်အခြေအနေကို ညွှန်ကြား ရေးမှူး ဦးရန်နိုင်ဇော် က ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိုးရာသီကာလမတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက် ရမည့်လုပ်ငန်းနှင့် မိုးရာသီကာလအတွင်း ပြင်ဆင်ထိန်းသိမ်းခြင်းဆောင်ရွက်ရမည့်လုပ်ငန်းဟူ၍ ခွဲခြား ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် လမ်းအထူးအဖွဲ့သုံးဖွဲ့နှင့် မအူပင်ခရိုင်၊ ပုသိမ်ခရိုင် များအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် စီမံချက် များအတိုင်း ဟန်ချက်ညီစွာ စနစ်တကျဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်