
နေပြည်တော် ဩဂုတ် ၁၈
အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေး ပေါင်းစည်း မှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ (40th Meeting of the High-level Task Force on ASEAN Econo- mic Integration - HLTF-EI ) အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးသန်းအောင်ကျော်နှင့် တာဝန်ရှိ သူများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံအလိုက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ဆောင်ရွက်နေမှုများနှင့် ဒေသတွင်း ဖြစ်ပေါ်နေသည့် စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများ အကောင် အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွက် ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များကို အကောင်အထည်ပြီးစီးမှု၊ အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလ လယ် သုံးသပ်ချက် အစီရင်ခံစာ၏ အကြံပြုချက် များအပေါ် ကဏ္ဍဆိုင်ရာအလိုက် ဆက်လက် ဆောင်ရွက်ရန်ကိစ္စ ၊ စတုတ္ထစက်မှုအသွင်ပြောင်းလဲမှု ဆိုင်ရာပေါင်းစည်းမှု မဟာဗျူဟာ ရေးဆွဲချမှတ် ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပြီးစီးမှုနှင့် အတည်ပြု နိုင်ရေးကိစ္စ၊ ၂၀၂၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်း ချက်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေး ကြသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို အစိုးရက အရှိန်မြှင့်တင်ဆောင်ရွက်နေမှု၊ ပုဂ္ဂလိက ကဏ္ဍမှလည်း ကာကွယ်ဆေးထိုးရေး လုပ်ငန်းစဉ် များတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးကိရိယာပစ္စည်းများကို လွယ်ကူချောမွေ့ စွာ တင်သွင်းနိုင်ရေးအတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့ စေရေးစီမံချက် ( Myanmar Economic Recovery Plan -MERP) ကို ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများကို မြန်မာနိုင်ငံက လိုက်ပါအကောင် အထည်ဖော်မှုနှင့် လိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အနေဖြင့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံစီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ် သုံးသပ်ချက် အစီ ရင်ခံစာပါ အကြံပြုချက်များကို လည်းကောင်း၊ စတုတ္ထစက်မှုအသွင်ပြောင်းလဲမှုဆိုင်ရာ ပေါင်းစည်းမှု မဟာဗျူဟာကို အတည်ပြုရန် ကိစ္စရပ်ကိုလည်း ကောင်း၊ ၂၀၂၅ ခုနှစ်အလွန်အတွက် အာဆီယံ၏ မျှော်မှန်းချက် ရေးဆွဲဆောင်ရွက်ရန်အတွက် အကြံပြုချက်များကိုလည်းကောင်း တင်ပြမည်ဖြစ် သည်။
ယင်းအစည်းအဝေးတွင် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် H.E Gabriel Lim က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ကြသည်။
သတင်းစဉ်