
နေပြည်တော် သြဂုတ် ၁၁
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းသည် သြဂုတ် ၉ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုလျှော့ချရေး၊ မြို့နယ်တိုင်းတွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရန် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ဆောင်ရွက် နေမှုများ ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၀ ရက် တွင် ပုသိမ်မြို့ မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ တို့၌ စုရပ်များပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးကြ သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး မြရွှေဝါခန်းမ၌ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးပြီး မြောင်းမြပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့်တွေ့ဆုံ၍ ရင်ဆိုင်နေရသည့်အခက်အခဲများကို မေးမြန်းကာ အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကုန်းပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကုသမှုပေးနေမှု၊ အခြားရောဂါများ ဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေမှုကို လိုက်လံ ကြည့်ရှုသည်။ ယင်းနောက် မြို့နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာအေးနိုင်က ဆေးရုံ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး အ.ထ.က (၁) ကျောင်းကုန်း၌ စုရပ် ပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပန်းတနော်ပြည်သူ့ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းသန်း က ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အောက်ဆီဂျင်ရရှိမှု၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၀ ကို ကုသမှုပေးနေသည့် အခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက မြို့နယ်ဆေးရုံများတွင် ကုသမှုခံယူနေရသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ကို ဆေးရုံကြီးများ၌ ရရှိနိုင်သော ကုသမှုများ အတိုင်း ရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်